အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို မေ ၇ ရက်တွင် ပြန်လည်စတင်မည်

ရန်ကုန် ၂၆ ဧပြီ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို မေ ၇ ရက်တွင် ပြန်လည် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ပထမအကျော့ပွဲစဉ်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်အထိ ဇန်နဝါရီလအထိ ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာ ခြေစစ်ပွဲများကြောင့် သုံးလကျော်ကြာရပ်နားခဲ့ပြီး မေလ ပထမပတ်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

 

ဒုတိယအကျော့ပွဲစဉ်များကို မေ ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခင်က အောင်ဆန်းကွင်းတစ်ကွင်းသာ ကျင်းပခဲ့သော်လည်း ဒုတိယအကျော့တွင် တောင်ဒဂုံကွင်း၌ပါ ကျင်းပမည်ဖြစ်သည်။ ပထမဆုံးကျင်းပမည့် ဒုတိယအကျော့အဖွင့်ပွဲအဖြစ် မေ ၇ ရက်တွင် အောင်ဆန်းကွင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းနှင့် ဂန္ဓမာအသင်း၊ တောင်ဒဂုံကွင်း၌ သစ္စာအားမာန်အသင်းနှင့် တက္ကသိုလ်အသင်း၊ မေ ၉ ရက်တွင် တောင်ဒဂုံကွင်း၌ YREO အသင်းနှင့် မြဝတီအသင်း၊ အောင်ဆန်းကွင်း၌ ဇွဲကပင် အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ပထမအကျော့အပြီးတွင် မြဝတီအသင်းက ၁၉ မှတ်ဖြင့် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နေပြီး အား/ကာသိပ္ပံနှင့် သစ္စာအားမာန် အသင်းက ၁၆ မှတ်စီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက ၁၁ မှတ်၊ YREO အသင်းက ၁၀ မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ ဂန္ဓမာအသင်းက သုံးမှတ်ရထားပြီး တက္ကသိုလ်အသင်းမှာမူ ပွဲတိုင်းရှုံးနိမ့်ထားသည်။ မြဝတီအသင်းသည် သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲရန် ရေပန်းစားလျက်ရှိသည်။

 

သတင်း - ရဲရင့်ရှိုင်း

ဓာတ်ပုံ - စိုးညွန့်