အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ မေ ၇ ရက် စတင်မည်

၂၄  ဧပြီ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို မေ ၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ 

 

ပထမအကျော့ပွဲစဉ်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်အထိ ဇန်နဝါရီလအထိ ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာခြေစစ်ပွဲများကြောင့် သုံးလကျော်ကြာရပ်နားခဲ့ပြီး မေလပထမပတ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ဒုတိယအကျော့ပွဲစဉ်များကို မေ ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခင်က အောင်ဆန်းကွင်းတစ်ကွင်းသာ ကျင်းပခဲ့သော်လည်း ဒုတိယအကျော့တွင် တောင်ဒဂုံကွင်း၌ပါ ကျင်းပမည်ဖြစ်သည်။ 

 

ပွဲစဉ် (၈) ကို မေ ၇၊ ၉ ရက်၊ ပွဲစဉ် (၉) ကို မေ ၁၂၊ ၁၃ ရက်၊ ပွဲစဉ် (၁၀) ကို မေ ၁၇၊ ၁၈ ရက်၊ ပွဲစဉ် (၁၁) ကို မေ ၂၂၊ ၂၃ ရက်၊ ပွဲစဉ် (၁၂) ကို မေ ၂၇၊ ၂၈ ရက်၊ ပွဲစဉ် (၁၃) ကို ဇွန် ၁၊ ၂ ရက်၊ ပွဲစဉ် (၁၄) ကို ဇွန် ၆၊ ၇၊ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

 

ပထမဆုံးကျင်းပမည့် ဒုတိယအကျော့အဖွင့်ပွဲအဖြစ် မေ ၇ ရက်တွင် အောင်ဆန်းကွင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းနှင့် ဂန္ဓမာအသင်း၊ တောင်ဒဂုံကွင်း၌ သစ္စာအားမာန်အသင်းနှင့် တက္ကသိုလ်အသင်း၊ မေ ၉ ရက်တွင် တောင်ဒဂုံကွင်း၌ YREO အသင်းနှင့် မြဝတီအသင်း၊ အောင်ဆန်းကွင်း၌ ဇွဲကပင် အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ပထမအကျော့အပြီးတွင် မြဝတီအသင်း က ၁၉ မှတ်ဖြင့် ရာသီဝက်ချန်ပီယံအဖြစ် ရပ် တည်နေပြီး အား/ကာသိပ္ပံနှင့် သစ္စာအားမာန် အသင်းက ၁၆ မှတ်စီ၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနအသင်းက ၁၁ မှတ်၊ YREO အသင်းက ၁၀ မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ ဂန္ဓမာအသင်းက သုံးမှတ်ရထားပြီး တက္ကသိုလ်အသင်းမှာမူ ပွဲတိုင်းရှုံးနိမ့်ထားသည်။ မြဝတီအသင်းသည် သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲရန် ရေပန်းစားလျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်