အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများနှင့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊  ၂၀  ဒီဇင်ဘာ

 

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ရှင်းလင်းဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။

 

ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆောင်ရွက်လျက်ရှိသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု (Education Sector Analysis – ESA) မှ လေ့လာတွေ့ရှိချက်များအရ မည်မျှအောင်မြင်သည်၊ မည်မျှ အကောင်အထည်ဖော်နိုင်သည်၊ မည်သည့်လုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းကာ ဖြည့်ဆည်းပေးရမည်ကို ပြန်လည်သုံးသပ်ပြီး ပညာရေးဝန်ကြီးဌာနအပါအဝင် ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ကျောင်းများနှင့် သိပ္ပံများသည် မိသားစုဝင်များအဖြစ် တစ်ဦးနှင့်တစ်ဦး ကူညီပြီးပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်သည် အရေးကြီးပါကြောင်း၊ အဆိုပါစိတ်ဓာတ်များကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် စုပေါင်းအင်အားဖြင့်သာ ပညာရေးပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးသည် နှစ်ပေါင်းများစွာ အားနည်းခဲ့သည့်အတွက် အရည်အသွေးရှိသည့် ပညာရေးကိုဦးတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေရပါကြောင်း၊ ထို့ကြောင့် မိသားစုစိတ်ဓာတ်ဖြင့် စုပေါင်းပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဆိုပါက အောင်မြင်နေသည့်လုပ်ငန်းများကို ဆက်လက် အရှိန်အဟုန်မြှင့်ကာ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ အခက်အခဲများ၊ စိန်ခေါ်မှုများရှိသည့်၊ ဖြည့်ဆည်းပေးရန်ရှိသည့် လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး တစ်ဦးနှင့်တစ်ဦးကူညီပြီး စုပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှု မဆုံးရှုံးစေရေးဟူသော မူဝါဒများအပေါ် အခြေခံကာ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်း ဖြစ်လာစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုစသည့်  Core Values of Objectives များရရှိစေရန် ဦးတည် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းကို အားပေးလျက် ဘဏ္ဍာရေး အသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့် ပြုပေးလျက်ရှိပါကြောင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေးသင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များပြုစုပြီး အခမဲ့ ဖြန့်ဝေခဲ့ပါကြောင်း၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (Teacher Compentency Standard Framework – TCSF) အပေါ်အခြေခံ၍ သင်ကြားသင်ယူမှု နည်းစနစ်သစ်များဖြင့် သင်ကြားသင်ယူကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ လုပ်ငန်းသစ်အတွက် ကျွမ်းကျင်မှုဖြည့်ဆည်းခြင်း၊ ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရရှိရန် သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ ပညာသင်စရိတ် ချီးမြှင့်ခြင်း၊ စီမံခန့်ခွဲမှု လေ့ကျင့်ပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားဒေသများကို ဦးစားပေး၍ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြီးမြောက်သူ ကျောင်းသားဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော် ရှိလာပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း ၉ ဒသမ ၇၁၆ သန်းအထိ ရှိလာပါကြောင်း၊ စစ်ဆေး အကဲဖြတ်မှု အပိုင်းတွင်လည်း စဉ်းစားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ်ခြင်းများကို စတင်အသုံးပြုလာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက်    ၇ ချက်ကို ပြည့်မီသဖြင့် အထက်တန်း သင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ (၅၆၆၂၇၄) ရှိပါကြောင်း၊

 

အရှေ့တောင်အာရှ မူလတန်း သင်ယူတတ်မြောက်မှုဆန်းစစ်ချက်၊ မူလတန်းအဆင့် စာဖတ်စွမ်းရည် အကဲဖြတ်မှု၊ မူလတန်းအဆင့် သင်္ချာစွမ်းရည်အကဲဖြတ်မှု  အစီရင်ခံစာများအရ မြန်မာနိုင်ငံ မူလတန်းကလေးငယ်များသည် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာစွမ်းရည်များ အားကောင်းသည်ဟု တွေ့ရှိရပါကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ တွင် အထက်တန်းကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention (၆) ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်မှု၊ ကောင်းမွန်သော သဘောထားအမြင်နှင့် တန်ဘိုးများ အားကောင်းရန်လိုအပ်ပါကြောင်း၊ မိဘများက ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်လာစေရေး မိဘဆရာအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် လက်ဆောင်ပေးခြင်း၊ ယူခြင်း၊ အုပ်စုဖွဲ့၍ ဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများကို ခွင့်မပြုပါကြောင်း၊                                                       

 

အမျိုးသားပညာအရည်အချင်းမူဘောင် သတ်မှတ်ချက်အရ အခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ် ရရှိသူများအနေဖြင့် Level 4 အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် Level 5 အသက်မွေးဝမ်းကျောင်း Diploma နှင့် Advanced Diploma သင်တန်းများအပြင် Open University တို့ကို အဆင့်ဆင့် တက်ရောက်နိုင်မည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါကြောင်း၊

 

အရည်အသွေးရှိသောပညာရေးအတွက် ဆရာများ၏ ပညာရပ်ဆိုင်ရာ စွမ်းဆောင်မှုနှင့် စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှုအတွက် အရေးကြီးသကဲ့သို့ စီမံဝန်ထမ်းများ၏ စွမ်းဆောင်ရည်ရှိစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီနည်းပညာစွမ်းရည်နှင့် ရုံးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်တို့သည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားဒေသများ၏ လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဦးစားပေး၍ ထောက်ပံ့သွားရန်လည်း လိုအပ်သကဲ့သို့ အခြားဒေသများ၏ လိုအပ်ချက်နှင့် ဦးစားပေးလုပ်ငန်းများကို ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၊ ဆရာများ၊ ကျောင်းသားများ၏ လိုအပ်ချက်ကို ဦးစားပေးအစီအစဉ်ဖြင့် ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာငွေသုံးစွဲ ထောက်ပံ့သွားရန် အရေးကြီးပါကြောင်း၊ အမျိုးသား ပညာအရည်အချင်း အညွှန်းဘောင်၊ ခရက်ဒစ်လွှဲပြောင်းမှု၊ အရည်အသွေးအာမခံမှုများကို မူဝါဒ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးဆောင်ရွက်သွားကြရရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဒေသများကို ဦးစားပေး၍ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း ၉ ကြိမ်၊ အိုင်စီတီ နည်းပညာဆိုင်ရာသင်တန်း ၇ ကြိမ်နှင့် စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုသင်တန်းများကို ပို့ချလေ့ကျင့်ခဲ့ပါကြောင်း၊

 

အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများ ဖြစ်ထွန်းစေရေးအတွက် အရည်အသွေး မြှင့်တင်ပေးရမည်ဖြစ်သကဲ့သို့ စီမံခန့်ခွဲရေး ဝန်ထမ်းများကိုလည်း အရည်အသွေး မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ သင်ကြားသင်ယူမှုစနစ် မြှင့်တင်ရန်နှင့် စီမံခန့်ခွဲမှုနစ် မြှင့်တင်နိုင်ရန်အတွက် လိုအပ်သောနည်းပညာနှင့် အခြေခံအဆောက်အအုံများကို ပံ့ပိုးဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်နှင့် ကျောင်းများတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ် ထုတ်ခြင်းတို့အတွက် ဒီဂျစ်တယ်/ အွန်လိုင်းစနစ်နှင့် ဒီဂျစ်တယ်ဘဏ်စနစ်တို့ကို အားပေး ဖြည့်ဆည်းရန်လိုအပ်ပါကြောင်း၊

 

နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစပ်သင်ယူမှု အားပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

            

တက္ကသိုလ်များတွင် မဟာစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲမှုကို အားပေးရမည်ဖြစ်သကဲ့သို့ တက္ကသိုလ်ကောင်စီ၊  တက္ကသိုလ်ပညာရေးအဖွဲ့၊ တက္ကသိုလ် စီမံခန့်ခွဲမှုအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သုတေသန၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သီအိုရီ၊ လက်တွေ့တို့ကို အားပေးဆောင်ရွက်ကာ အလုပ်အကိုင်ရရှိရေးကို ဦးတည် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မူဝါဒလမ်းညွှန် စံသတ်မှတ်ချက်များနှင့်အညီ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ဒီပလိုမာသင်တန်းများ၊ ရိုးရိုးဘွဲ့သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆင့်မြင့် နည်းပညာဖြင့်သင်ယူမှုနှင့် ထိတွေ့သင်ယူမှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှုကို ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Credit Transfer System ဆောင်ရွက်မှုကို အားပေးရမည်ဖြစ်သကဲ့သို့ သုတေသနဆောင်ရွက်မှုကိုလည်း အားပေးရမည်ဖြစ်ပါကြောင်း၊ အရည်အသွေး အာမခံမှုနှင့် အရည်အသွေး အသိအမှတ်ပြုမှုစနစ်တို့ကို ထူထောင်ရမည်ဖြစ်သကဲ့သို့ ပညာသင်ထောက်ပံ့မှုကိုလည်း အားပေးရမည်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်နှင့် ပူးပေါင်း ဆောင်ရွက်မှု အရည်အချင်းတို့ကို အခြေခံ၍ ဆရာ၊ ဝန်ထမ်း ခန့်/ပြောင်း/တိုး အားပေးခြင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့် ပူးပေါင်း၍ တက္ကသိုလ် အရည်အသွေးမြင့်မားရေး အားပေးဆောင်ရွက်ခြင်း၊ ကျောင်းသားဟောင်းများ၊ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အားပေးခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထားအမြင်၊ တန်ဖိုးထားမှုကဲ့သို့သော ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်သွားရန်နှင့် ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြဿနာကို ဖြေရှင်းမှုကဲ့သို့သော Higher-order Thinking Skills များရရှိရန် သဘောပေါက်နားလည်ခြင်း၊ မှတ်မိခြင်း၊ အသုံးချခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ဖန်တီးခြင်း၊ ဆန်းသစ်တီထွင်ခြင်း အလေ့အထများကို အားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

အရည်အသွေးရှိသည့် အခြေခံပညာအထက်တန်းအဆင့်ကို လူတိုင်းပြီးမြောက်ရေးဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာပေါင်းစပ်  သင်ယူမှု အခွင့်အလမ်းရှိရေးအတွက် စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ UNESCO IIEP က ဆောင်ရွက်ထားသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (Education Sector Analysis – ESA) အစီရင်ခံစာကို ဆက်လက်ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာနှင့် သက်မွေးပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းက အဆင့်မြင့် ပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးမြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှု ကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း     (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်