အမျိုးသားနိုင်ငံရေးကိုရှေးရှု တိုင်းပြည်ကိုကာကွယ်

mdn

 

နေပြည်တော် ၃ ဇွန်

 

တပ်မတော်သည် ရှေးအစဉ်အဆက် ယနေ့ထက်တိုင် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ရှေးမြန်မာမင်းကောင်းမင်းမြတ်များက ပထမမြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော်ကို ရှေးမြန်မာ တပ်မတော်၏စွမ်းပကားဖြင့် အခိုင်အမာတည်ဆောက်ထူထောင်နိုင်ခဲ့သည်။ စတုတ္ထမြန်မာနိုင်ငံတော်ကိုလည်း တပ်မတော်နှင့်အတူလက်တွဲ၍ လွတ်လပ်သော မြန်မာနိုင်ငံဖြစ်အောင် အသက်၊ သွေး၊ ချွေးတို့ပေးဆပ်၍ ပြန်လည်ထူထောင်ခဲ့သည်။

 

လွတ်လပ်ရေးရပြီးသောအခါတွင်လည်း တိုင်းပြည်ကြီးမပြိုကွဲအောင် ပထမ အကြိမ် ကာကွယ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တတိယအကြိမ်နှင့် ယခု ၂၀၂၁ ခုနှစ်တွင် စတုတ္ထအကြိမ် ကာကွယ်စောင့်ရှောက်ပေးရပြန်သည်။ ထိုလေးကြိမ်စလုံးတွင်တပ်မတော်သည်နိုင်ငံတော်အာဏာရယူလို၍ တိုင်းပြည်တာဝန်ယူကာ ကာကွယ်စောင့်ရှောက်ခဲ့ခြင်းမဟုတ်ပေ။ လွတ်လပ်ရေးရပြီးသည်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် နိုင်ငံကိုဖန်တီးခဲ့သည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အရ ပြည်သူများသဘောဆန္ဒနှင့်အညီ လွှတ်တော်အရပ်ရပ်ဖြင့် ဥပဒေပြုကာ တိုင်းပြည်အရေးကို စီမံဖန်တီး ခဲ့ကြသည်။

 

တိုင်းပြည်ကို နိုင်ငံရေးနယ်ပယ်က စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး တပ်မတော် က စတင်တာဝန်ယူခြင်း မဟုတ်ပေ။ နိုင်ငံရေးသမားအချင်းချင်း အာဏာလုမှု၊ မရိုးသားမှု၊ အုပ်ချုပ်စီမံရေးညံ့ဖျင်းမှုတို့ကြောင့် တိုင်းပြည်ပြိုလဲ ပျက်စီးခြင်းသို့ မရောက်စေလိုသည့်အတွက် တပ်မတော်သည် နိုင်ငံ့တာဝန်ယူခဲ့ခြင်းသာ ဖြစ်သည်။ ယနေ့ ကာလတွင် နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေအရ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီဖြစ်ထွန်းရေး အတွက် နိုင်ငံတော်၏တာဝန်ကို တပ်မတော်ကခေတ္တ တာဝန်ယူထိန်းသိမ်းဆောင် ရွက်နေခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံး ဖြစ်၍ ရွေးကောက်ပွဲတွင် ဥပဒေနှင့်မညီညွတ်မှု၊ မဲမသမာမှုများကို မည်သည့် တိုင်းပြည်မှ လက်ခံမည်မဟုတ်ပေ။

 

ယခုအခါ ရွေးကောက်ပွဲ မဲမသမာမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင် တိုင်းပြည် ပျက်စီးအောင်ဆောင်ရွက်လျက်ရှိသော နိုင်ငံရေးအမြတ် ထုတ်မှုများ၊ ဆူပူအကြမ်းဖက်မှုများကို ကာကွယ် ထိန်းသိမ်းဖြေရှင်းလျက်ရှိသည်။ အမှန်တကယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် တိုင်းပြည် တာဝန်ကို ခေတ္တလွှဲပြောင်းတာဝန်ယူခဲ့သည်ဆိုသော်လည်း လက်တွေ့တွင် ပြီးခဲ့သည်ငါးနှစ်တာကာလအတွင်း မြန်မာတို့၏ အမျိုးသားရေးကိုယ်ခံစွမ်းအားများ ယိမ်းယိုင်ပြိုပျက်ခဲ့ရာ အနာဂတ်တိုင်းပြည်အတွက် ရင်လေးဖွယ်ရာအချက်များကို တွေ့ရှိလာခဲ့သည်။ အကယ်၍သာ တပ်မတော်သည် ယခုအချိန်ကာလတွင် တိုင်းပြည်အရေးကို အမုန်းခံမဆောင်ရွက်ခဲ့ပါက နောင်ကာလတွင် ယဉ်ကျေးမှု အစဉ်အလာကြီးမားသော၊ သမိုင်းကြောင်းအစဉ်အလာ မြင့်မားသော မြန်မာနိုင်ငံ သည် ပုံပျက်ပန်းပျက် ဖြစ်သွားမည်မှာ သေချာသည်။

 

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ် သည်ဆိုသော်လည်း တိုင်းပြည်၏အရေး၊ ပြည်သူလူထု၏အရေးကို ဆောင်ရွက်ကြရမည့် နိုင်ငံရေးသမားများ၏ တာဝန်မကျေပွန်မှု၊ သစ္စာမရှိမှု၊ မရိုးသား မှုများကြောင့် တိုင်းပြည်ပြိုကွဲပျက်စီးမည့်အရေးကို ကာကွယ်ပေးနိုင်ရန်အတွက် စတုတ္ထအကြိမ်မြောက် မလွှဲမရှောင်သာဘဲ အမုန်းခံတာဝန်ယူခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက် အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ တွင် သမိုင်းပေးလိုအပ်ချက်အရ ဆက်လက်ပါဝင်ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။ နိုင်ငံ့အရေးကို ဒီမိုကရေစီနိုင်ငံရေးစနစ်အရ ဆောင်ရွက်ရာတွင် တိုင်းပြည်၏အနာဂတ်ကို ရှေးရှုခြင်းမရှိဘဲ မရိုးမသားဆောင်ရွက်ပါက တပ်မတော် က တိုင်းပြည်ကို ထိန်းသိမ်းကာကွယ်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံရေးသမားများ၏ ရိုးသားမှုမရှိသော ဆောင်ရွက်ချက်များကို ယနေ့မျက်ဝါးထင်ထင် တွေ့မြင် နေရပြီဖြစ်သည်။ တပ်မတော်သည် ဥပဒေကို လေးစားသော၊ ရိုးသားဖြောင့်မတ်သော နိုင်ငံရေးသမားများကို ပါတီစုံဒီမိုကရေစီ စနစ်နှင့် အညီ အသင့်မျှော်လင့်လျက် အစဉ်အလာမပျက် လမ်းခင်းပေးလျက်ရှိသည်။ မိမိအာဏာမရလျှင် အလုံးစုံပျက်စီးရေးလမ်းကြောင်းကို ဖန်တီးမည်ဟု ကြံစည် အားထုတ်ခဲ့သော မသမာသူ၊ မရိုးသားသူနိုင်ငံရေးသမားများ၊ အဖျက်သမားများအား အစဉ်အလာကြီးမားသောတပ်မတော်က တိုင်းပြည်နှင့် လူမျိုးအကျိုးစီးပွားကို ရှေးရှု၍ အမျိုးသားနိုင်ငံရေးကဏ္ဍနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေး ကို မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါ ကြောင်း။ ။

 

ကြေးမုံ