နေပြည်တော် နိုဝင်ဘာ ၈

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ရေးရာ ဆိုင်ရာ အိန္ဒိယကောင်စီ(Indian Council of World Affairs - ICWA) ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။ 

 

ခရီးစဉ်အတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့သို့ရောက်ရှိရာ ကမ္ဘာ့ရေးရာဆိုင်ရာအိန္ဒိယကောင်စီ(ICWA)မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် ICWA အတွင်းရေးမှူး Smt. Nutan Kapoor Mahawar တို့က အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍနှင့် အိန္ဒိယနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း ခေါင်းစဉ်များအား ဆွေးနွေးခဲ့ ကြရာ ကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ဖက်ဒရယ်စနစ်၏ အခွင့်အာဏာခွဲဝေမှုနှင့် အခွန်ခွဲဝေမှုခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြပြီး မြန်မာကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ ၁၆ ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။  

 

နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာ ဆွေးနွေးပွဲဒုတိယနေ့အစီအစဉ်သို့ ဆက်လက်တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း အတွေ့အကြုံများနှင့် ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် (Panchayati Raj စနစ်) ခေါင်းစဉ်တို့အား အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြရာ ကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ခေတ်မီနိုင်ငံတစ်ခုအတွင်း ဘာသာစကား၊ အခြား ကွဲပြားမှုများနှင့် လိုက်လျောညီထွေနေ ထိုင်ခြင်း ခေါင်းစဉ်အားဆက်လက် ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ ဘာသာဗေဒ လူနည်းစုဆိုင်ရာ ကော်မရှင်နာနှင့် တွေ့ဆုံခဲ့ကြသည်။  

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)