အမျိုးအမည်မသိအာကာသယာဉ်များ စောင့်ကြည့်ရေးတပ်ဖွဲ့ အမေရိကန် ဖွဲ့စည်းမည်

ဝါရှင်တန် ၁၆ ဩဂုတ်

အမျိုးအမည်မသိ ယာဉ်ပျံများစောင့်ကြည့်ရေးတပ်ဖွဲ့ကို မကြာမီဖွဲ့စည်းမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

ကောင်းကင်ယံ၌ အမျိုးအမည်မသိ အာကာသယာဉ်များ ပျံသန်းမှုများကို တွေ့မြင်ခဲ့ရပြီးနောက် အဆိုပါအဖွဲ့အား ဖွဲ့စည်းခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကောင်းကင်ယံ၌ မြင်တွေ့ခဲ့ရသော အမျိုးအမည်မသိ အာကာသယာဉ်များကို အမေရိကန်လေတပ်မှ မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗီဒီယိုသုံးခုကို ပင်တဂွန်စစ်ဌာနချုပ်က ဧပြီလတွင် ထုတ်ဖော်ပြသခဲ့သည်။

ယခုဖွဲ့စည်းမည့် အမျိုးအမည် မသိအာကာသယာဉ် စောင့်ကြည့်ရေးတပ်ဖွဲ့ကို အမေရိကန်လေတပ်က ဦးဆောင်ရမည်ဖြစ်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်ဖျက်ဆီး နိုင်ဖွယ်ရှိသော မည်သည့် အာကာသယာဉ် အမျိုးအစားကိုမဆို စောင့်ကြည့် ခြေရာခံဖော်ထုတ်ရမည်ဖြစ်သည်။

အဆိုပါတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်မည့် အမှုထမ်းများ ဘေးကင်းလုံခြုံမှု ရှိစေရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များအတွက် အနှောင့်အယှက် အတားအဆီးများ မရှိစေရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်ဟု ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကာကွယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားကြောင်း သိရသည်။

ကောင်းကင်ယံ၌ တွေ့ရှိခဲ့သော အမျိုးအမည်မသိ ယာဉ်များမှာ အမေရိကန်နိုင်ငံအား စောင့်ကြည့် ထောက်လှမ်းမှုများ လုပ်ဆောင်ရန် အမေရိကန် လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည့် မဟာမိတ်မဟုတ်သည့်နိုင်ငံများမှ မောင်းသူမဲ့လေယာဉ်များလည်း ဖြစ်နိုင်ခြေရှိသည်ဟု ပင်တဂွန် တာဝန်ရှိသူအချို့က ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်