အမေရိကန်နိုင်ငံမှာ TikTok က ဝန်ထမ်း ၁၀,၀၀၀ သုံးနှစ်အတွင်း ခန့်အပ်သွားမယ်

၂၂ ဇူလိုင်

 

 

တရုတ်နည်းပညာ ကုမ္ပဏီ ByteDance မှ တီထွင်ထားတဲ့ ဗီဒီယိုဖိုင်တွေ မျှဝေတဲ့ အက်ပလီကေးရှင်း TikTok က အမေရိကန် နိုင်ငံတစ်ဝန်းမှာ လုပ်သားပေါင်း ၁၀,၀၀၀ ကို သုံးနှစ်အတွင်း ခန့်အပ်သွားမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

 

 

TikTok ရဲ့ ပြောခွင့်ရသူက ခန့်အပ်မယ့် လုပ်သားတွေထဲမှာ အင်ဂျင်နီယာတွေ၊ အရောင်းမြှင့်တင်ရေး ဝန်ထမ်းတွေနဲ့ တခြားဌာနတွေအတွက် ဝန်ထမ်းတွေ ပါဝင်ကြောင်း သိရပါတယ်။

 

 

TikTok အက်ပလီကေးရှင်းဟာ အထူးသဖြင့် စမတ်ဖုန်း အသုံးပြုတဲ့ လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အက်ပလီကေးရှင်း သုံးစွဲသူ တစ် ဘီလီယံ လောက်ရှိကြောင်း သိရပါတယ်။ TikTok ဟာ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးနဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲထားပေမယ့် ကုမ္ပဏီဘက်က ငြင်းဆိုထားပါတယ်။

 

 

အမေရိကန်နိုင်ငံတွင် လက်ရှိချိန်မှာ TikTok  အတွက် ဝန်ထမ်း ၁,၄၀၀ လောက်သာရှိကြောင်း ပြောခွင့်ရသူက ပြောပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ TikTok အက်ပလီးကေးရှင်း သုံးစွဲခွင့်ကို တားမြစ်ထားပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေလည်း အဲဒီအက်ပလီကေးရှင်းကို ဖြစ်နိုင်ခြေရှိတဲ့ အရေးယူမှု လုပ်ဆောင်ရန် ရှာဖွေနေကြောင်း ပြောခဲ့ဖူးကြောင်း သိရပါတယ်။

 

 

အမေရိကန်အစိုးရ ဝန်ထမ်းတွေအား  အစိုးရက ပေးအပ်ထားတဲ့ ပစ္စည်းတွေပေါ်မှာ  TikTok အက်ပလီကေးရှင်းကို သုံးစွဲခွင့် တားမြစ်ရန် အောက်လွှတ်တော်က ဉပဒေပြုထားပါတယ်။ TikTok ကတဆင့် ထောက်လှမ်းရေး လုပ်ဆောင်မှာကို စိုးရိမ်တဲ့အတွက် အခုလို တားမြစ်တာဖြစ်ကြောင်း သိရပါတယ်။

 

 

အိမ်ဖြူတော်ရဲ့ ထိပ်တန်း ဝန်ထမ်းတစ်ဦးကတော့ TikTokဟာ မိခင်ကုမ္ပဏီကနေ ခွဲထွက်ပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

 

 

ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံကို သုံးသပ်နေကြောင်း TikTok ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

 

MDN

ကိုးကား - AFP

2356