အမေရိကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ရထားသည့် မြိတ်မြို့ရှိ ငါးလေလံဈေးအား အစိုးရနှင့် လုပ်ငန်းရှင် ပူးပေါင်းဆောင်ရွက်ပါက ထိုင်းငါးဈေးကွက်ကို ပြန်ယူနိုင်မည်ဟုဆို

မြိတ် နိုဝင်ဘာ ၁၃

 

အမေရိကန်ဒေါ်လာ သန်း(၇၀) ရင်းနှီးမြှုပ်နှံခွင့် ရထားသည့် မြိတ်မြို့ရှိ ငါးလေလံဈေးအား အစိုးရနှင့် လုပ်ငန်းရှင် ပူးပေါင်းဆောင်ရွက်ပါက ထိုင်းနိုင်ငံမှ ငါးဈေးကွက်ကို ပြန်လည်းရယူနိုင်မည်ဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံဈေးမှ MD ဒေါ်ဌေးဌေးဝင်းက ပြောသည်။

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးကြီးကို အခြေခံကာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ငါးဈေးကွက်ကို ပြန်ယူရန်အတွက် ကြိုးပမ်းခဲ့ကြသော်လည်း လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဖြစ်ခဲ့ရာ လက်ရှိအခြေအနေတွင် အစိုးရပိုင်းနှင့် လုပ်ငန်းရှင်များအကြား အမှန်တစ်ကယ် ပူးပေါင်းဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ပြောသည်။

 

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံ ဈေးကြီးတစ်ခု တည်ရှိနေပြီး နောက်ထပ် ငါးလေလံဈေးကြီးတစ်ခု လုပ်ဆောင်ရန် လုပ်ငန်းရှင်တစ်ချို့မှလည်း ကြိုးစားနေကြောင်း သိရသည်။

 

“ငါးလေလံဈေးကို စတင်တည်ဆောက်ကတည်းက ထိုင်းရောက်နေတဲ့ ငါးဈေးကွက်ကို မြန်မာနိုင်ငံကို ပြန်ရောက်အောင်လုပ်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ  မှန်ကန်စွာ ရရှိဖို့ဆိုပြီး ကျွန်မတို့ရည်ရွယ်ထားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်ကတည်းက လုပ်ငန်းရှိနေခဲ့တာပါ။ ကျွန်မတို့နိုင်ငံက သယံဇာတွေကို ထိုင်းနိုင်ငံထဲအထိ ကုန်ကြမ်းအဆင့်နှင့် ပို့နေရသလို လုပ်သားတွေလည်း သွားရောက်လုပ်ကိုင်နေရတယ်။ မြန်မာနိုင်ငံမှာ ငါးဈေးကွက် ပြန်ရောက်လာဖို့ အစိုးရပိုင်းကလည်း ကူညီပံ့ပိုးမယ်၊ လုပ်ငန်းရှင်တွေအနေနှင့်လည်း အမှန်တကယ် လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ငါးဈေးကွက် မြန်မာနိုင်ငံကို သေချာပေါက် ပြန်ရောက်လာမှာပါ။ မြေဧက (၁၀၀) ကျော်အပေါ်မှာ အခြေခံအဆောက်အအုံတွေ၊ အအေးခန်းတွေ၊ ကုန်ချောစက်ရုံတွေ အများကြီး ရင်းနှီးမြှုပ်နှံလို့ရပါတယ်။ ကျွန်မတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံဈေးမှ MD ဒေါ်ဌေးဌေးဝင်းက ပြောသည်။

 

မြိတ်မြို့တွင် လက်ရှိလည်ပတ်နေသော အင်းလေးမြိုင် စက်မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးမှာ MIC မှ အမေရိကန်ဒေါ်လာသန်း (၇၀) ရင်းနှီးမြှုပ်နှံခွင့်ရထားပြီး မြေဧက (၁၀၀) ကျော်ပေါ်တွင် အခြေခံ အဆောက်အအုံများ၊ လေလံဈေး၊ ငါးဖမ်းလှေများ ဆိုက်ကပ်သည့် တံတားကြီးတစ်စီးကိုလည်း တည်ဆောက်ထားကြောင်း သိရသည်။

 

“One Stop Service လုပ်နေတဲ့ ဧရိယာမှာ ငါးလေလံဈေးကို အကောင်ထည်ဖော်ဖို့ဆိုပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်အထိ သွားနိုင်တဲ့ လေလံဈေးမျိုး မဖြစ်လာတာက အဆောက်အဦတွေ၊ အအေးခန်းစက်ရုံတွေ မတည်ဆောက်နိုင်တဲ့ အခြေနေဖြစ်သလို၊ တံတားကလည်း ကမ်းကပ်နိုင်တဲ့ အခြေအနေမျိုးကနေ အားနည်းလာတာ တွေ့ရတယ်။ ကုန်ကြမ်းကိုသိုလှောင်တဲ့ အအေးခန်းတွေ၊ ရေခဲစက်တွေကလည်း မရှိသေးတော့ နိုင်ငံတကာဈေးကွက်ကို ဖော်ဆောင်နိုင်ဖို့ဆိုတာ အားနည်းသွားတယ်။ နောက်ထပ်တစ်ခါ အများပိုင်အုပ်စုက စုပေါင်းပြီးတော့ ငါးလေလံဈေးအကြီးတစ်ခု တည်ဆောက်ဖို့ဆိုပြီးတော့ အဆိုပြုလာတာတွေ့ရတယ်။ လုပ်ငန်းတော့ စတင်နေတာ မတွေ့ရသေးဘူး။ မြေယာရရှိရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်နေတဲ့ အဆင့်မှာပဲရှိသေးပါတယ်။ မြေယာရရှိရေးအတွက်ကိုပဲ ကြိုးစားဆောင်ရွက်နေတယ်လို့ ကျွန်တော်သိရပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

 

mdn

 

ယခင်အစိုးရအဆက်ဆက် lawInformant မလုပ်နိုင်ခဲ့သည့်အတွက် မြန်မာ့သယံဇာတများမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီး၊ မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေးလံဈေးကြီးသည် ပုဂ္ဂလိကတစ်ဦးတည်း ပိုင်ဆိုင်တာမဟုတ်ဘဲ နိုင်ငံတော်အစိုးရ (ငါးလုပ်ငန်းဦးစီးဌာန)က (၃၀) ရာခိုင်နှုန်း၊ တိုင်းရင်းသားလုပ်ငန်းရှင်က (၁၀) ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက (၆၀) ရာခိုင်နှုန်း ပါဝင်ပိုင်ဆိုင်သည့် ငါးလေလံဈေးမှာ ကြန့်ကြာမှုများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“လက်ရှိအနေထားက ကိုယ့်ဒေသမှာ ငါးဈေးကွက်မရှိတော့ ဒီကငါးတွေကို ရနောင်းမှာ သွားရောင်းနေရပါတယ်။ ရနောင်းကို သွား​ရောင်းရတဲ့အခါမှာ သူတို့ဖြတ်တဲ့ သူတို့ပေးတဲ့ဈေးအတိုင်း ရောင်းနေရပါတယ်။ ဈေးပိုတောင်းလို့လည်းမရဘူး။ ဈေးနည်းရင်လည်း ပြန်သယ်လို့မရတဲ့အတွက် သူတို့ပေးတဲ့ဈေးနဲ့ ရောင်းခဲ့ရပါတယ်။ ဒီမှာ ကိုယ်ငါးဈေးကွက် ရှိမယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့ဈေးခေါ် ရောင်းလိုရပါမယ်။ ဒါကြောင့် ဘယ်သူပဲလုပ်လုပ် ကိုယ်ဒေသအတွင်းမှာ ကိုယ်ပိုင်ငါးဈေးကွက် ကောင်းကောင်းတစ်ခု  အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက ဆက်ပြောသည်။

 

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် အမေရိကန်ဒေါ်လာ သန်း (၃၀၀) ရင်းနှီးမြှုပ်နှံမည်ဆိုသော နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးတစ်ခု တည်ဆောက်ရန် တင်ပြထားမှုအပေါ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်နိုင်ဖွယ်ရှိ/မရှိ ဆန်းစစ်ချက်များ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းမှာ (၇) နှစ်မှ (၈) နှစ်အထိ ကြာမြင့်ဦးမည်ဖြစ်ကာ လက်ရှိအနေအထားတွင် လယ်ယာမြေကိစ္စများ၊ မြေယာပိုင်ဆိုင်မှုများအတွက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံမှ လူငယ်များ ပြည်ပသို့ နှစ်စဉ်ထောင်ကဏန်းမှ သောင်းဂဏန်းခန့်အထိ သွားရောက် လုပ်ကိုင်လျက်ရှိသည့်အနက် တရားမဝင်လမ်းကြောင်းမှ အလုပ်အကိုင်တစ်ခုရရှိရေးအတွက် သွားရောက်နေသည့်အတွက် ဖမ်းဆီးခံရမှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ငါးလေးလံဈေးကြီး ပြန်လည်ရောက်ရှိလာပါက ပြည်ပသို့ တရားမဝင် သွားရောက်မှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း သောင်းဂဏန်းအထိ ရရှိနိုင်သလို တစ်ဖက်တစ်လမ်းကနေ နိုင်ငံတော်အနေနဲ့ အခွန်အခများ မှန်မှန်ကန်ကန် ရရှိလာမည်ဖြစ်သည့်အပြင် တရားဝင်လမ်းကြောင်းဖြင့် ကုန်စည်ပို့ဆောင် လုပ်ကိုင်ခြင်းဖြင့် ကုန်စည်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

 

ထိုကြောင့် မြန်မာနိုင်ငံတွင် ငါးဈေးကွက်ဖြစ်ပေါ်လာရန်နှင့် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အစိုးရပိုင်းနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)