အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းမဝတ်ဆင်သူများအား ဒဏ်ရိုက်မည့်အစီအစဉ် ပြင်သစ်စတင်ဆောင်ရွက်မည်

ပါရီ ၂၁ ဇူလိုင်

 

အများပြည်သူဆိုင်ရာ နေရာများတွင် နှာခေါင်းစည်းဝတ်ဆင်ရန် ပျက်ကွက်သူများအား ဒဏ်ငွေအဖြစ် ၁၃၅ ယူရို ပေးဆောင်စေမည့် အစီအစဉ်ကို လာမည့်ရက်သတ္တပတ်တွင် စတင်ပြီး ဆောင်ရွက်ကြောင်း ပြင်သစ်အစိုးရ က ပြောကြားခဲ့သည်။ ။

 

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန်အတွက် ပြည်သူများနှင့် သက်ဆိုင်သော နေရာများတွင် နှာခေါင်းစည်း ဝတ်ဆင်ရမည့် ကန့်သတ်ချက်ကို လာမည့်ရက်သတ္တပတ်မှ စတင်ပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျင်းကက်စတက်က ပြောကြားသည်။ အများပြည်သူ ဆိုင်ရာ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင်လည်း ယင်းကန့်သတ်ချက်များကို သတ်မှတ်ထားမည်ဖြစ်သည်။ ဈေးဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် အခြားလူအများနှင့် ဆောင်ရွက်ရသော လုပ်ငန်းများတွင်လည်း အဆိုပါ ကန့်သတ်ချက် ထားရှိသွားမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက ကန့်သတ်ချက်ကို ချိုးဖောက်သူများအား လစဉ်ခရီးသွားစရိတ်၏ နှစ်ဆရှိသော ၁၃၅ ယူရိုကို လာမည့်ရက် သတ္တပတ်မှစ၍ ဒဏ်ရိုက်သွားမည်ဟု ပြောကြားသည်။

 

ရုံးဝန်ထမ်းများကို သက်ဆိုင်ရာရုံး တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရောဂါကာကွယ်ရန်အတွက် နှာခေါင်းစည်းဝတ်ဆင်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ ပြင်သစ်ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများက နိုင်ငံအတွင်း နာဗိုင်းရပ်စ်ကူးစက်မှု များပြားနေကြောင်းပြောကြားသည်။

 

မေ ၁၁ ရက်မှစတင်ပြီး ပြင်သစ် နိုင်ငံတွင် အသွားအလာကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့ပြီးနောက် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ လုဗ်ပြတိုက်၊ ဒစ်စနေးပျော်ရွှင်ကမ္ဘာနှင့် အီဖယ်မျှော်စင်တို့ သို့ ဝင်ရောက်ရာတွင် နှာခေါင်းစည်းများ ဝတ်ဆင်ရန် နိုင်ငံသားများအား ညွှန်ကြားခဲ့သည်။ စားသောက်ဆိုင် ဝန်ထမ်းများနှင့် စားသောက်သူများကိုလည်း နှာခေါင်းစည်းဝတ်ဆင်ရန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ကိုးကား-အေအက်ဖ်ပီ ဘာသာပြန်-စိုးသူရ