အများပြည်သူအလုပ်ပိတ်ရက်  နေရပ်ပြန်များ၏ စကားသံများ

နေပြည်တော် ၈  နိုဝင်ဘာ

ဟန်လင်းနိုင်၊ မိုက်ကယ်ထန်း၊ ဟိန်းမင်းစိုး

သာမညဖလအခါတော်နေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့နှင့် အဖိတ်နေ့များကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် နိုင်ငံတော်အစိုးရက သတ်မှတ်ထားခဲ့ပြီး ယခုနှစ်တွင် နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အစိုးရက ပိတ်ရက်အဖြစ် ပြင်ဆင် သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လာရောက်တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရာ မြို့တော်ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ ရုံးပိတ်ရက်ရှည်ရရှိစဉ် မိမိတို့၏ ဇာတိမြေသို့ စိတ်လက်အေးချမ်းပျော်ရွှင်စွာ နေရပ်ပြန်ရန်အတွက် အဝေးပြေးကားဂိတ်များရှိရာသို့ ပျော်ရွှင်စွာရောက်ရှိလာကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

 

mdn

ဒေါ်စန္ဒာ (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရုံးပိတ်ရက်လေးရက် ဖြစ်တဲ့အတွက် ရန်ကုန်က မိသားစုဆီ ပြန်တာဖြစ်ပါတယ်။ ပုံမှန်ကတော့ နှစ်လတစ်ခါ ခွင့်ယူပြီး ပြန်ဖြစ်တယ်။ ပိတ်ရက်ကလည်း များတဲ့အတွက် အထူးတလည် ခွင့်ယူဖို့မလိုဘူး၊ သီတင်းကျွတ် ရုံးပိတ်ရက်တုန်းကလည်း ရန်ကုန်ကိုပဲ ပြန်ထားတဲ့အတွက် ထူးထူးခြားခြားသွားလာဖို့ မရှိပါဘူး။ မိသားစုတွေ ပေါင်းပြီး ကထိန်အလှူလုပ်ဖို့ ရှိပါတယ်။ တန်ဆောင်တိုင်မှာက ကထိန်ခင်း၊ အလှူလုပ်ဖြစ်တာများတယ်။ တန်ဆောင်တိုင်မှာမိသားစုနဲ့ မဲဇလီဖူးသုပ်စားဖြစ်တာက အမှတ်တရပါပဲ။

 

mdn

ဒေါ်သန္တာချို (မြန်မာ့စီးပွားရေးဘဏ်)

ကျွန်မကပိတ်ရက်ရှည်အတွင်း ရန်ကုန်က မိသားစုဆီပြန်ဖြစ်တာပါ။ ကျွန်မတို့အိမ်ကကျောက်မြောင်း သတိပဋ္ဌာန်လမ်းမှာပါ။ တန်ဆောင်တိုင်ဆိုရင် ကျွန်မတို့လမ်းမှာ စတုဒိသာ အလှူပွဲရှိတဲ့အတွက် အဲဒီမှာပဲ တန်ဆောင်တိုင်ရောက်တိုင်း ပါဝင်ကုသိုလ်ယူ ဖြစ်ပါတယ်။ လမ်းမတစ်လျှောက်မှာ မီးထွန်းပွဲရှိတဲ့အတွက် မိသားစုနဲ့ ရပ်ကွက်နေပြည်သူတွေနဲ့အတူ မီးထွန်းပွဲမှာ ကုသိုလ်အတူတူ လုပ်ဖြစ်ကြတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ အခုလိုပိတ်ရက်ရှည်ရတဲ့အတွက် ဝမ်းသာပါတယ်။

 

mdn

ကိုဟိန်းကိုမြင့် (အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

ကျွန်တော်က စလင်းမြို့ကို ပြန်မှာပါ။ တန်ဆောင်တိုင်ပိတ်ရက်တိုင်း မိဘတွေဆီပြန်တယ်။ ငယ်သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်။ သီတင်းကျွတ်ပိတ်ရက်ရှည်တုန်းကလည်း ပြန်ဖြစ်ပါတယ်။ တန်ဆောင်တိုင်မှာတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ်တာက အမှတ်တရပါပဲ။ ပိတ်ရက်ရှည်ပိတ်ပေးတဲ့အတွက် ပျော်ပါတယ်။

 

mdn

မဟန်နီလွင် (ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)

တန်ဆောင်တိုင်ပိတ်ရက်မှာ မကွေးမှာရှိတဲ့ မိဘတွေဆီပြန်တာပါ။ မိဘတွေအိမ်မှာ ကထိန်အလှူပွဲရှိလို့ ကထိန်ကပ်ဖြစ်မယ်။ တန်ဆောင်တိုင်ဆိုတော့ အိမ်မှာ ဆီမီးပူဇော်မယ်။ နီးနီးနားနားကဘုရားတွေကို အပေါင်းအသင်းတွေနဲ့ ဘုရားသွားဖူးပြီး ဆီမီးကပ်လှူ ပူဇော်ဖြစ်မယ်။ အရင်နှစ် တန်ဆောင်တိုင်တုန်းက အင်းလေးနဲ့ တောင်ကြီးမီးပုံးပျံပွဲကို သူငယ်ချင်းတွေနဲ့ သွားဖြစ်လိုက်တယ်။ အမှတ်တရကတော့ တန်ဆောင်တိုင်ရောက်တိုင်း မိသားစုတွေနဲ့ ဘုရားသွားဖူးဖြစ်တာပါ။

 

mdn

မဝါဝါလှိုင် (လွှတ်တော်ရုံး)

အခု တန်ဆောင်တိုင်ပိတ်ရက်မှာ မကွေးက မိသားစုဆီပြန်တာ ဖြစ်ပါတယ်။ သီတင်းကျွတ် ပိတ်ရက်ရှည်တုန်းကလည်း ပြန်ဖြစ်တယ်။ ကျွန်မက အလုပ်ရတာမကြာသေးဘူး၊ မိသားစုနဲ့ ခွဲမနေဘူးတဲ့အတွက် အခုလိုပိတ်ရက်ရှည်မှာ မိသားစုဆီပြန်ဖြစ်တာပါ။ သူငယ်ချင်းတွေနဲ့ ဘုရားသွားပြီး ဆီမီးပူဇော်တာကတော့ အမှတ်ရစရာပါပဲ။ ကထိန်ပွဲသွားဖို့လည်းရှိတယ်။ ပိတ်ရက်ရှည်ရတဲ့အတွက် ဝမ်းသာပါတယ်။

မမျိုးသီရိကျော် (ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)

ကျွန်မက မကွေးကိုပြန်မှာပါ။ ဇာတိမြေ ပြန်ရောက်ရင် မိဘတွေနဲ့ ဆရာ ဆရာမ တွေကို ကန်တော့ဖြစ်မယ်။ သူငယ်ချင်းတွေနဲ့ ဇာတိမြေမှာရှိတဲ့ ဘုရားတွေသွားပြီး ဆီမီး ပူဇော်မယ်။ ညဘက်မှာ မဲဇလီဖူးသုပ်စား ဖြစ်မယ်။ အရင်နှစ်က တန်ဆောင်တိုင်ပိတ်ရက်မှာ တောင်ကြီးမီးပုံးပျံပွဲသွားဖြစ်တယ်။ ပိတ်ရက်လေးရက်မှာ မိဘတွေဆီပြန်ခွင့်ရလို့ ဝမ်းသာပါတယ်။

 

mdn

မောင်သာဘုန်းကျော် (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

ကျွန်တော်က အခုတန်ဆောင်တိုင် ပိတ်ရက်မှာ မကွေးကအိမ်ကို ပြန်တာဖြစ်ပါတယ်။ တန်ဆောင်တိုင်ဆိုတော့ ပျော်ပွဲရွှင်ပွဲ တွေကို သူငယ်ချင်းတွေနဲ့သွားမယ်။ မီးပုံးပျံ လွှတ်ဖြစ်မယ်။ တခြားကတော့ သူငယ်ချင်းတွေနဲ့ မဲဇလီဖူးသုပ်စားဖြစ်မယ်။ နီးနီး နားနားက တန်ခိုးကြီးဘုရားတွေ သွားဖူးဖြစ်မယ်။ မိသားစုနဲ့အတူ ပြည်မြို့ကိုသွားပြီး တန်ခိုးကြီးဘုရားတွေကို လိုက်ဖူးဖြစ်မယ်။ အရင်နှစ်တန်ဆောင်တိုင်က နေပြည်တော်မှာပဲ၊ ဘယ်မှမသွားဖြစ်ဘူး။ အခုတန်ဆောင်တိုင်က ပိတ်ရက်ရှည်ဖြစ်တဲ့အတွက်သွားတာပါ။

မြန်မာ့အလင်း