အမာ ၂၁ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာ၌ ယမန်နေ့ နံနက် ၁ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဒီရေများမြင့်တက်လာခြင်းကြောင့် လူနေအိမ် (၁၅၂)လုံးနှင့် ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် လူနေအိမ်(၁)လုံး ရေနစ်မြုပ်၍ယိုင်နဲ့ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် မင်္ဂလာသောင်တန်းကျေးရွာတွင်ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၁၅၂)လုံး တို့၏ အိမ်ဘေးနံရံ ကွာကျခြင်း၊ ယိုင်နဲ့ခြင်းများဖြစ်ခဲ့ပြီး ဂေါ်ဒူကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ် (၁)လုံးယိုင်နဲ့ပျက်စီးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေကြေပျက်စီးမှု မရှိကြောင်း သိရသည်။
သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၁၅၃)စုတွင် လူဦးရေ ကျား(၃၄၁)ဦး၊ မ(၃၄၂) ဦး၊ ပေါင်း (၆၈၃ )ဦး တို့မှာ ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာနှင့် ရွှေထီးကျေးရွာတို့တွင် အောက်တိုဘာ ၂၀ရက် နံနက် ၁ နာရီခွဲတွင် ပင်လယ် ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၉)လုံး ပြိုကျပျက်စီးခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက်သေကြေမှုမရှိကြောင်း သိရသည်။
ပျက်စီးသွားသော အိမ်ထောင်စု(၉)စုတွင် ကျား(၂၄)ဦး၊ မ(၁၇)ဦး၊ ပေါင်း(၄၁)ဦးတို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ပင်လယ်ကမ်းစပ်တွင်နေထိုင်သော အိမ်ထောင်စုများအနေဖြင့် ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်နိုင်သဖြင့် ဘေးလွတ်ရာတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ပင်လယ်ကမ်းစပ်နေ အိမ်ထောင်စုများအား နှိုးဆော်အသိပေးဆောင်ရွက်ထားကြောင်း သိရသည်။
နော်လေး(အမာ)


