နေပြည်တော် နိုဝင်ဘာ  ၁၁

ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန်၊ ဝန်ထမ်းများကျန်းမာကြံ့ခိုင် သန်စွမ်းမှု ရရှိစေရန်၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍  အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ၏ ထုပ်ဆီးတိုးပြိုင်ပွဲကို ယနေ့တွင် ယင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ပြိုင်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး က အားကစားပြုလုပ်ခြင်းကြောင့် ရရှိသည့် ပထမဆုံးအကျိုးကျေးဇူးသည် မိမိတို့၏ တစ်ကိုယ်ရည် ကျန်းမာရေး ကောင်းကျိုးရရှိခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အသင်းအဖွဲ့နှင့် အချင်းချင်းစည်းလုံးညီညွတ်၍ စုပေါင်းလုပ်ဆောင်တတ်သည့် စိတ်ဓာတ်ရရှိစေနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ အားကစား ဝါသနာရှင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ဖော်ထုတ် ရရှိစေလိုကြောင်း ပြောကြားကာ ပါဝင်ယှဉ်ပြိုင်ကစားကြမည့် အားကစားဝါသနာရှင် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ယင်းနောက် ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ၏ ထုပ်ဆီးတိုးပြိုင်ပွဲကို စတင်ကျင်းပကြပြီး ဝန်ကြီးဌာနမှ ဝါသနာရှင်ဝန်ထမ်း အားကစားသမား ဦးရေ စုစုပေါင်း ၇၀ က ပြိုင်ပွဲဝင်အသင်း (၇) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားဖြစ်ကာ ပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်