အလေ့ကျပေါက်ပင်မှ ထွက်ရှိသည့် နေလှည့်စေ့များ တရုတ်နိုင်ငံမှ စျေးကောင်းပေးဝယ်ယူ

မန္တလေး   မတ်

 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ ကန်သင်းရိုးများပေါ်တွင် စိုက်ပျိုးရန်မလိုဘဲ အလေ့ကျပေါက်ရောက်၍ နွေဦးရာသီကာလ၌ ထွက်ရှိလာသည့် နေလှည့်စေ့များအား တရုတ်နိုင်ငံမှ တစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀ စျေးအထိ စျေးကောင်းပေး၍ ဝယ်ယူနေကြောင်း မန္တလေးမြို့ပဲစျေးကွက်မှ သိရသည်။

 

အဆိုပါနေလှည့်ပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကန်သင်းရိုးများပေါ် အလေ့ကျ ပေါက်ရောက် ရှင်သန်နေသည့်အပြင် ကုလားပဲခင်း၊ ကြက်သွန်ခင်း၊ မြေပဲခင်းများတွင် အများဆုံးရောနှော ပေါက်ရောက်လေ့ရှိပြီး အထူးသဖြင့် ငရုတ်စိုက်ခင်းများ အနီးတွင် ပိုမိုပေါက်ရောက် ဖြစ်ထွန်းလေ့ရှိေကြာင်းနှင့် အပင်အမြင့်မှာ ၅ ပေနီးပါးရှိပြီး အစေ့မှာ မတ်ပဲအရွယ်နီးပါးခန့်နှင့် အရောင်မှာ အနက်ရောင်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

ဒီနေလှည့်စေ့ထွက်တဲ့ အပင်က အရင်ကဆို အလေ့ကျပေါက်ပြီး အသုံးမဝင်တဲ့အတွက် ပေါင်းပင် အဖြစ်နဲ့ ဖျက်ဆီးပစ်ရတဲ့အပင်အမျိုးအစား ဖြစ်ပါတယ်။ အခုတော့ ဒီအပင်ကထွက်တဲ့အစေ့ကို မန္တလေးပွဲရုံတွေက ဒိုင်ခံဝယ်ယူနေပြီး တရုတ်နိုင်ငံကို တင်ပို့နေတယ်။ သူတို့နိုင်ငံက ဒီအစေ့ကို ဆေးဝါးဖော်စပ်တဲ့နေရာမှာ အသုံးပြုကြတယ်လို့ သိရတယ်။ တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအားကောင်းလာတဲ့အပြင် စျေးကလည်း မြင့်လာတဲ့အတွက် တောင်သူတွေအဖို့ ကန်သင်းရိုးပေါင်းပင်ကနေ အပိုငွေရရှိတဲ့ အခွင့်အရေးပေါ့။ဟု ၎င်းက ပြောသည်။

 

အဆိုပါနေလှည့်စေ့များအား တရုတ်နိုင်ငံမှ စတင်ဝယ်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်စုအထိ ရှိနေပြီဖြစ် သော်လည်း စတင်ဝယ်ယူခဲ့စဉ်က တစ်ပိဿာလျှင် ၂၀၀ ကျပ်စျေးသာရှိခဲ့သဖြင့် တောင်သူများ စိတ်ဝင် စားမှုနည်းပါးခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ တစ်ပိဿာလျှင် ၈၀၀ ကျပ် စျေးအထိ ရောက်ရှိလာကာ ၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံးစျေးအဖြစ် ၁၂၀၀ ကျပ်အထိ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နေလှည့်စေ့ထွက်ရှိသည့် အလေ့ကျပေါက်ပင်များသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်မြို့နယ်များတွင် အများဆုံးပေါက်ရောက် ရှင်သန်လေ့ရှိသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ဂန့်ဂေါနှင့် ယောဒေသတို့တွင်လည်း ဖြစ်ထွန်းပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)