အက်သလက်တီကိုမက်ဒရစ်အသင်း စပိန်လာလီဂါဖလား ၁၁ ကြိမ်မြောက်ဆွတ်ခူး

စပိန်လာလီဂါအမှတ်ပေးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပွဲစဉ် ၃၈ မှာ အက်သလက်တီကိုမက်ဒရစ် အသင်းက ဗယ်လာဒိုးလစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ်အသင်းဟာ စပိန်လာလီဂါဖလားကို ရယူဆွတ်ခူး နိုင်ခဲ့ပြီဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ စပိန်လာလီဂါပြိုင်ပွဲမပြီးဆုံးမီ တစ်ပွဲအလိုမှာ နှစ်မှတ်စီကွာဟနေပြီး နောက်ဆုံးပွဲစဉ်မှာလည်း ရီးယဲလ်မက်ဒရစ်အသင်းက ဗီလာရီး ယဲလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့သလို အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း ဗယ်လာဒိုးလစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲပြီးဆုံးချိန်မှာ ရမှတ်နှစ်မှတ်ကွာ အနေအထားနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းက စပိန်လာလီဂါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဗယ်လာဒိုးလစ်အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပြိုင်ပွဲနောက်ဆုံး ပွဲစဉ်မှာ ပွဲကစားချိန် ၅၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ကော်ရီရာရဲ့ သွင်းဂိုး၊ ပွဲကစားချိန် ၆၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ဆွာရတ်ဇ်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဗယ်လာဒိုးလစ်အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုတော့ ပွဲကစားချိန် ၁၈ မိနစ်မှာ ပလာနိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ် မှူး ဆွာရတ်ဇ်ဟာ အခုနှစ်ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွာရတ်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ် အသင်း၊ ဘာစီလိုနာအသင်း တို့နဲ့ အတူ စပိန်လာလီဂါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီး ဒေးဗစ်ဗီလာနဲ့ အာဒါတူရန်တို့ဟာလည်း အက်သလက်တီကိုမက်ဒရစ် အသင်း၊ ဘာစီလိုနာအသင်းတို့နဲ့အတူ စပိန်လာလီဂါဖလားကို ရယူဆွတ်ခူးထားနိုင်ခဲ့ကြတာဖြစ်ပါ တယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယခု ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ စပိန်လာလီဂါဖလားကို ရယူနိုင်ခဲ့ခြင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ စပိန်လာလီဂါဖလားကို ၁၁ ကြိမ်မြောက် ရယူ ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပိန်လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက စပိန်လာလီဂါဖလားကို ၃၄ ကြိမ်နဲ့ ဘာစီလိုနာအသင်းက ၂၆ ကြိမ် အသီးသီးရယူ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီရဲ့ စပိန်လာလီဂါပြိုင်ပွဲ ပြီးဆုံးချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်း၊ ရီးယဲလ် မက်ဒရစ်အသင်း၊ ဘာစီလိုနာအသင်းနဲ့ ဆီဗီလာအသင်းတို့ဟာလာမယ့်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ ရီးယဲလ်ဘတ်တစ်အသင်းတို့ဟာ ယူရိုပါလိဂ် ဝင်ခွင့်ရရှိခဲ့ကာ ဟူစကာအသင်း၊ ဗယ်လာဒိုးလစ်အသင်းနဲ့ အီးအသင်းတို့ကတော့ စပိန်လာလီဂါပြိုင်ပွဲ ကနေ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

ငွေကြယ်