အကြိမ်(၃၀)မြောက် ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၃၀ ကျော် ဝင်ရောက်ပြိုင်သွားနိုင်ဖွယ်ရှိ

ရန်ကုန် ၂၇ ဇွန်

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်မည့်အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၅၃ နည်း ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း ၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ဖွယ်သိရသည်။ ယခင်က ရွှေ ငွေ ကြေး ဆုတံဆိပ်ရရှိနိုင်မည့် ကစားနည်း ၁၄ နည်းသာ ပါဝင်စီစဉ်ထားသော်လည်း ကျန်ရှိသည့်အားကစားနည်းများမှ တောင်းဆိုများရှိ၍ ဇူလိုင်လအတွင်း ဆီးဂိမ်းတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအား အတည်ပြုထုတ်ပြန်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

“ကျွန်မတို့ အားကစားနည်း ၁၄ မျိုးအထိဝင်ဖို့ လျာထားပါတယ်။ အမှန်တော့ ကျွန်မတို့အနေနဲ့ အားကစားနည်း ၃၄ မျိုးလောက်အထိ ဝင်ပြိုင်လို့ရပါတယ်။ ဒါပေမယ့် ဆုတံဆိပ်ရနိုင်မှုအခြေအနေနဲ့ နိုင်ငံတော်က ငွေကြေးကုန်ကျမှုအပိုင်းကို ပြန်လည်ချိန်ဆလိုက်တဲ့ အခါမှာအားကစားနည်း ၁၄ မျိုးလောက်ပဲပြိုင်လို့ရမယ့် အနေအထားမျိုးဖြစ်လာပါတယ်။ ဒါပေမယ့် အားကစားအဖွဲ့ချုပ်တွေက သူတို့ဘတ်ဂျက်နဲ့သူတို့ သွားပြိုင်မယ်လို့ တင်ပြလာတာတွေ တွေ့ရမှာပါ။ အရင်ကရွှေတံဆိပ် ၁၀ ခုလောက်ပဲမှန်ထားပေမယ့် လက်ရှိမှာတော့ အားကစားအဖွဲ့ချုပ်တွေရဲ့ တက်ကြွတဲ့ပြင်ဆင်မှုတွေကိုကြည့်ပြီး ရွှေတံဆိပ် ၁၀ ခုနဲ့အထက် ရနိုင်တယ်လို့ မြင်လာပါတယ်။ ဆီးဂိမ်းစေလွှတ်ဖို့ ပုံစံသုံးမျိုးနဲ့ စဉ်းစားထားပါတယ်။ ပထမဆုရနိုင်မလား။ ဒုတိယစံချိန်ဝင်ပြီး ဆုရရနိုင်မလား။ တတိယကတော့ အရှေ့တောင်အာရှမှာကိုပဲ ကမ္ဘာ့ချန်ပီယံတွေရှိနေတဲ့ အားကစားနည်းမျိုးတွေရှိနေပါတယ်။ ကျွန်မတို့ကတော့ အတက်နိုင်ဆုံး အားကစားသမားအများကြီးကို လွှတ်ချင်ပါတယ်။ အကယ်၍ ဆုမရနိုင်ပါဘူးဆိုပြီး မလွှတ်ဘဲနေပြန်ရင်လည်း အဲဒီကစားသမားနည်းတွေ နောက်ပိုင်းမှာပျောက်သွားနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ အားကစားသမားတွေ စိတ်ဓာတ်ကျသွားရင် အဲဒီအားကစားနည်းက မရှင်သန်နိုင်ဘူး။ အဲဒီလိုအားကစားနည်းတွေအတွက် လွှတ်တဲ့အခါ အနည်းဆုံး အရေအတွက်နဲ့ လွှတ်နိုင်ဖို့စီစဉ်နေပါတယ်။ အတတ်နိုင်ဆုံး နိုင်ငံတော်အထောက်အပံ့ကို ရနိုင်အောင်ကြိုးစားသွားမှာပါ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။

မြန်မာနိုင်ငံက ရွေးချယ်ထားသည့် အားကစားနည်း၁၄မျိုးတွင် ဝှူရှူး၊ ဂျူဒို၊ ဘိလိယက်နှင့် စနူကာ၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ မြားပစ်၊ ဘောလီဘော၊ ဘောလုံး၊ ဟော်ကီ၊ ကရာတေး၊ တိုက်ကွမ်ဒို၊ စစ်တုရင်၊ အလေးမနှင့် ပီတန်းတို့ဖြစ်ကြောင်း သိရသည်။ မပါမဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့် ကစားနည်းနှစ်မျိုးဖြစ်သည့် ပြေးခုန်ပစ်နှင့် ရေကူးတို့ ပါဝင်ခဲ့မည်ဆိုလျှင် အားကစားနည်း ၁၆ နည်း ပါဝင်ယှဉ်ပြိုင်ရန် ရှိနေသည်။  ဆီးဂိမ်းအတွက် အားကစားနည်း ၃၈ နည်းကို ရန်ကုန်တွင် ၃၁ နည်း၊ နေပြည်တော်တွင် ၇ နည်း စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ 

အာကာလင်း