အကြိမ်(၃၀)မြောက် ဆီးဂိမ်ပြိုင်ပွဲ၌အသင်းလိုက် လှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူပေးနိုင်မည့်အသင်းအား ကျပ်သိန်းငါးရာ ချီးမြှင့်သွားမည်

ရန်ကုန် ၂၆ ဇွန် 

 


ဖိလစ်ပိုင်နိုင်ငံ၌ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ရယူပေးနိုင်မည့် အသင်းလိုက် လှေလှော်အားကစားသမားများအတွက် ကျပ်သိန်းငါးရာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန် ၂ဝ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကနူးကယက် တံခွန်စိုက်ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့် သက်ကြီးတန်း အပြည်ပြည်ဆိုင်ရာ လှေချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေခြောက်ခု၊ ငွေလေးခု၊ ကြေးငါးခုရ ရှိခဲ့သည့်အောင်ပွဲရ မြန်မာလှေလှော် အားကစားသမားများအား ဇွန် ၂၄ ရက် နံနက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဂုဏ်ပြုကြိုဆိုပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

 


“ကျွန်တော်တို့ အားကစားများအနေနဲ့ ထိုက်တန်တဲ့ဆုကြေးရရှိမှသာ ဘဝရပ်တည်ရေး ခိုင်မာလာနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် တစ်ဦးချင်း ရွှေတံဆိပ်ရရှိသူကို ကျပ်သိန်း ၁၀ဝ ချီးမြှင့်မည်အပြင် ပြည်ပနည်းပြကို ကျပ်သိန်း ၅ဝ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ငွေနဲ့ကြေး          ဆုကြေးအပေါ်မှာ သူတို့ကြိုးစားအားထုတ်မှု လျော့နည်းသွားမှာဆိုလို့ ရွှေတစ်ခုပဲ ချီးမြှင့်သွားမှာပါ။ ပြိုင်ပွဲနီးမှ ငွေကြေးဆုကို ပြောသွားမှာပါ။ ယခုပြိုင်ပွဲများကိုကြည့်ရင် ကျေနပ်အားရမိပါတယ်။ ဆီးဂိမ်းမှာ နိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်မိပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

 


မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် ဩဂုတ်လတွင်  ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ကျင်းပမည့် ဆီးဂိမ်းအကြို ရိုးရာလှေနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် အကြိမ်(၃၀)မြောက် အရှေ့တောင်အားကစားပြိုင်ပွဲတွင် ရိုးရာလှေ ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အရှေ့တောင်အာရှပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည်။

 


သတင်းနှင့်ဓာတ်ပုံ- အာကာစိုး