ရန်ကုန် ဇူလိုင် ၁၂
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ အာရှအားကစား ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ယခုနှစ် အာရှအားကစားပြိုင်ပွဲ ဘောလုံးအားကစားနည်း ကျင်းပသည့်ပုံစံအရ ယခင်ပြိုင်ပွဲများကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းတိုင်းကို ယှဉ်ပြိုင်ခွင့်မပြုဘဲ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်သည့် အသင်းများကိုသာ ဦးစားပေးယှဉ်ပြိုင်ခွင့်ပြုသော်လည်း အသင်းအချို့ နုတ်ထွက်ခဲ့သောကြောင့် မြန်မာအသင်းအပါအဝင် အသင်းအချို့ ထပ်တိုးယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ယှဉ်ပြိုင်ခွင့်ရသည့်အသင်းစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘောလုံးအားကစားနည်းတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးအသင်းသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အမျိုးသားအသင်းမှာမူ ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်းစုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဂျပန်အသင်းအပါအဝင်မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန် ၃ ရက်မှ ၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ကစားသမားများအနေဖြင့် မြန်မာအမျိုးသမီးလိဂ် ကလပ်အသင်းပွဲစဉ်များ ကစားလျက်ရှိသည်။
အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး နည်းပြသစ် ဂျပန်နိုင်ငံသား မစ်ဆုအိုကာတို၏ ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် တစ်ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး ၂၀၂၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်သော်


