အခုလိုပြပွဲဟာ ကျောင်းသားလူငယ်တွေနဲ့ မျိုးဆက်သစ်တွေကို ဗဟုသုတတွေအများကြီးရစေတဲ့အတွက် ပိုပြီးလေ့လာကြည့်ရှုသင့်ပါတယ်

ဒေါက်တာစိုင်းကျော်ဦး

တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး၊ သန်းမင်းအောင်၊ ဂျိုင်းလော၊ ဓာတ်ပုံ - ကိုကြီးထိန်

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် ပါဝင်ပြသခဲ့ကြသည့် ဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ တတိယနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါပွဲတော်၌ ခင်းကျင်းပြသထားသည့် ပြခန်းများမှတာဝန်ရှိသူများ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများ၊ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများ၏ရင်တွင်းစကားသံများကို အများပြည်သူများသိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။

ဒေါက်တာဇော်လွင် (ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆန်နှင့်ဆီအရောင်းဆိုင်)

ကျွန်တော်တို့ဝန်ကြီးဌာနက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းပြီး ဆန်နဲ့ဆီတွေကို စားသုံးသူပြည်သူတွေအတွက် ဈေးနှုန်းသက်သာစွာနဲ့လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့အတွက်ရောင်းချပေးလျက်ရှိပါတယ်။ ပြည်သူတွေကလည်း စိတ်ဝင်စားကြပါတယ်။ ဆီဆိုရင် အပြင်ဈေးနှုန်းနဲ့ယှဉ်ရင် တစ်ပိဿာကို ငွေကျပ် ၁၅၀၀၊ ၂၀၀၀ လောက်ဈေးနှုန်းသက်သာပါတယ်။ ဆန်ဆိုရင်လည်းတစ်အိတ်ကို ငွေကျပ် ၂၀၀၀ လောက်သက်သာတဲ့အတွက် ပြည်သူတွေလာရောက်ပြီး ဝယ်ယူကြတာများပါတယ်။

စိန်ရတုလွတ်လပ်ရေးနေ့မှာ ဆန်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ ဈေးနှုန်းသက်သာစွာနဲ့ ပြည်သူတွေကိုရောင်းချခွင့်ရတာကို သူတို့အနေနဲ့လည်း အလွန်ဝမ်းသာပီတိဖြစ်ကြပါတယ်။ ဝယ်ယူတဲ့ ပြည်သူတွေအနေနဲ့လည်း အပြင်ဈေးနှုန်းထက်သက်သာတဲ့ဈေးနှုန်းဖြစ်တဲ့အတွက်ဝမ်းသာပြီး လာရောက်ဝယ်ယူကြပါတယ်။ ပြည်သူတွေရဲ့ တကယ်လိုအပ်ချက်က ဆန်နဲ့ဆီဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲစိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကြီးမှာ ကျွန်တော်တို့ကပြည်သူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဆန်နဲ့ဆီကိုဈေးသက်သာစွာနဲ့ လွယ်လွယ်ကူကူဝယ်ယူလို့ရရှိနိုင်အောင်ရောင်းချပေးတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ရန်ကုန်)ကနေလာရောက်ပြီး ရောင်းချပေးတဲ့ကုမ္ပဏီများကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။

ဦးနေဆန်း (ညွှန်ကြားရေးမှူး၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ပြခန်းမှာ ဌာနရဲ့လုပ်ငန်းဆောင်ရွက်မှုတွေဖြစ်တဲ့ ငွေရတုခေတ်၊ ရွှေရတုခေတ်၊ စိန်ရတုခေတ်မှာဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်မှုအခြေနေတွေကို ပြည်သူများသိရှိအောင်ပြသထားတာဖြစ်ပါတယ်။ ငွေရတုခေတ်၊ ရွှေရတုခေတ်မှာဆောင်ရွက်ခဲ့တဲ့ ဌာနရဲ့ဝန်ကြီးတွေ၊ ကုန်သွယ်မှုကိုမြှင့်တင်ဆောင်ရွက်မှုအခြေအနေတွေနဲ့ စိန်ရတုခေတ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း ဌာနရဲ့ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်ခဲ့တာတွေကို အဓိကထားပြီးပြသထားပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက နိုင်ငံတော်ရဲ့စီးပွားရေးကို အဓိကထားဆောင်ရွက်ပေးနေတဲ့ ဌာနဖြစ်တဲ့အတွက် နိုင်ငံကပြည်ပကိုတင်ပို့တဲ့ ပို့ကုန်တွေကိုလည်း ပြသထားခြင်းဖြစ်ပါတယ်။ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာချမှတ်ပြီးချမှတ်ထားတဲ့ ဗျူဟာပေါ်မူတည်ကာ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ကြီးဌာနက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေးဦးတည်ချက်(၃)ရပ်နဲ့အညီ စီးပွားရေးကဏ္ဍကို ဆောင်ရွက်နေပါတယ်။

ပြခန်းကို လာရောက်လေ့လာတဲ့ ပြည်သူတွေကျွန်တော်တို့ဝန်ကြီးဌာနက ဘာတွေဆောင်ရွက်နေတယ်၊ ကုန်သွယ်မှုတွေကို ဘယ်လိုလုပ်နေတယ်၊ စီးပွာရေးမူဝါဒနဲ့အညီ နိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုအထောက်အကူပြုနေတယ်၊ ပို့ကုန်တွေကိုဘယ်လိုမြှင့်တင်ဆောင်ရွက်နေတယ် ဆိုတာတွေကိုသိရှိအောင် ပြသထားပါတယ်။ ပို့ကုန်မြှင့်တင်တဲ့အခါ ကုန်ပစ္စည်းတွေကို လျင်မြန်စွာပို့ဆောင်နိုင်ဖို့အတွက် အထူးစီးပွားရေးဇုန်သုံးခုနဲ့ဆောင်ရွက်နေပါတယ်။ သီလဝါစီးပွားရေးဇုန်ကတော့ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက် နိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပါတယ်။ ထားဝယ်နဲ့ကျောက်ဖြူစီးပွားရေးဇုန်ကိုလည်း ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ ပြခန်းမှာပို့ကုန်သွင်းကုန်ကဏ္ဍမှာလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ကျယ်ကျယ်ပြန့်ပြန်သိရှိအောင် သရုပ်ပြဆောင်ရွက်ထားပါတယ်။

ဒေါက်တာစိုင်းကျော်ဦး ( ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အခုလိုဂုဏ်ပြုယာဉ်တွေ၊ အထိမ်းအမှတ်ပြခန်းတွေနဲ့ တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းတွေကို ခင်းကျင်းပြသထားတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလိုခင်းကျင်းပြသထားတာကို တစ်ခါမှမကြုံဖူးပါဘူး။ အခုမြင်တွေ့ရတော့ ပြသထားတာတွေကထူးခြားပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးက ပြခန်းတွေကို လေ့လာကြည့်ရှုရတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အခုလိုပြပွဲဟာ ကျောင်းသားလူငယ်တွေနဲ့ မျိုးဆက်သစ်တွေကို ဗဟုသုတတွေအများကြီးရစေတဲ့အတွက် ပိုပြီးလေ့လာကြည့်ရှုသင့်ပါတယ်။ ပြည်သူတွေကိုလည်း လွတ်လွတ်လပ်လပ် လာရောက်ကြည့်ရှုဖို့ စီစဉ်ထားတာလည်းကောင်းပါတယ်။

မဆုမြတ်နန္ဒာ (အမှတ်- ၉ အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်)

(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့မှာ စာလုံးသရုပ်ဖော်အနေနဲ့ပါဝင်ခဲ့ပါတယ်။ တပေါင်းကွင်းမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်းတွေဖြစ်တဲ့ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်ပြခန်းတွေမှာပြသထား တာတွေကို လေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့သွားစရာမလိုဘဲ တပေါင်းကွင်းမှာပြသထားတဲ့ ပြခန်းတွေကို လာရောက်လေ့လာခြင်းအားဖြင့် မြန်မာပြည်အနှံ့ရောက်သွားသလိုခံစားရပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ကဒေသန္တရဗဟုသုတတွေနဲ့ အထင်ကရနေရာတွေကို တွေ့မြင်သိရှိခွင့်ရတဲ့အတွက်ပျော်ပါတယ်။ သူငယ်ချင်းတွေကိုလည်း မြန်မာပြည်အနှံ့ရောက်သွားသလို ခံစားချင်တယ်ဆိုရင် အခုပြသ ထားတဲ့ပြခန်းတွေကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။