အခွင့်အခါရခိုက်ပညာဖွံ့ဖြိုးရေးအားထုတ်

 “ဆရာ မပြ နည်းမကျ” ဥပမာစကားကဲ့သို့ မည်သည့်အသိပညာ၊ အတတ် ပညာတွင်မဆို၊ ပညာနှင့်ဆိုင်သော မည်သည့်အကြောင်းအရာကိစ္စတွင်မဆို အတွေ့အကြုံများသော၊ အသိဉာဏ်ပညာမြင့်မားသော ဆရာသမားများ၏ လမ်းညွှန်ပြသပေးမှုမရှိလျှင် နည်းလမ်းမကျ အောင်မြင်မှုမရ ဖြစ်တတ်ပေ သည်။ ဆရာသမားများ၏ လမ်းညွှန်ပြသပေးမှုများကို စနစ်တကျနာယူရပါက “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသကဲ့သို့ နယ်ပယ်အသီးသီး၌ အောင်မြင်ထင်ရှားသူများ ဖြစ်လာနိုင်ပါသည်။

လောကအလယ်၌ ထင်ရှားကျော်ကြား အောင်မြင်ကြသူ ပုဂ္ဂိုလ် အသီးသီးတို့မှာ ဆရာသမားများ၏ နည်းလမ်းတကျ သွန်သင်ပြသမှုတို့ကို ကြည်ကြည်ဖြူဖြူခံယူခဲ့ကြသည်သာမက ၎င်းတို့ကိုယ်တိုင်လည်း ပတ်ဝန်း ကျင်လောက၊ စာပေလောကတို့မှ အသိအမြင်ဗဟုသုတများ အလုံးစုံကြွယ်ဝ အောင် အပတ်တကုတ် လေ့လာဆည်းပူး အားထုတ်ခဲ့ကြပါသည်။ ၎င်းတို့မှာ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် အတိတ်တစ်ချိန်က ပညာသင်ကြားပို့ချ ပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးများနှင့် ပညာအမွေခံယူခဲ့ကြသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအား ညွှန်းဆိုချင်ပါသည်။

ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ပညာသင်ကြားပို့ချပေးခဲ့ ကြသော၊ အတွေ့အကြုံရင့်ကျက်သော၊ အတွေးအခေါ်မြင့်မားလှသော ပါမောက္ခ၊ ကထိက ဆရာကြီး ဆရာမကြီးများ၏ ပညာအမြင်၊ ဘဝအမြင်၊ တက္ကသိုလ်သင်ကြားရေးလမ်းညွှန်အမြင်များသည် ကျောင်းသား ကျောင်းသူ များ၏ ဘဝများကိုသာမက တိုင်းပြည်၏ အနာဂတ်အတွက်ပါ လွှမ်းခြုံမိစေ ပါသည်။ ထို့အပြင် ဆရာကြီး ဆရာမကြီးများ၏ လမ်းညွှန်ချက်များသည် တက္ကသိုလ်ကြီး တိုးတက်ကြီးပွားရေးအတွက်ပါ အထောက်အကူဖြစ်စေ ခဲ့ပါသည်။

သာဓကအားဖြင့် အတိတ်တစ်ချိန်က ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ်များနှင့်တကွ ပါမောက္ခဆရာကြီး ဆရာမကြီးများ၏ လမ်းညွှန်ပြသမှု များမှာ မှတ်သားနာယူစရာဖြစ်သည်။ တက္ကသိုလ်တွင် စာသင်ဆရာ (Lecturer) က တစ်သမတ်တည်း စာကိုချည်းရွတ်၊ ကျောင်းသားများကလည်း တစ်သမတ် တည်း ခေါင်းငုံ့ပြီး ကြားသမျှလျှောက်ကူးသည့် အကျင့်ကိုဖျက်ဖို့ အားပေးခဲ့ ကြသည်။ စာသင်နေစဉ်မှာပင် ကျောင်းသားများအား နှုတ်ဖြင့်မေးမြန်းခြင်း၊ စောဒကတက်ခိုင်းခြင်း စသည့်အလုပ်ကို လုပ်ခြင်းအားဖြင့် ကျောင်းသား များ၏ လွတ်လပ်စွာ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်နိုင်သည့်စွမ်းရည်ကို ဆွပေးနိုင်ခဲ့သည်။

ဆရာလုပ်သူကိုယ်တိုင်က အချိန်တိကျမှန်ကန်မှုကို လေးစားပြခြင်း၊ မုသားကို ရှောင်ကြဉ်ခဲ့ခြင်း၊ ကျောင်းသားကို အမှားသင်မိပါက၊ ပြောမိပါက သိသည်နှင့်တစ်ပြိုင်နက် ဝန်ခံ၍ အမှားပြင်ဆင်စေခြင်းတို့ကို ပြုလုပ်ပြခြင်း ဖြင့် ကျောင်းသား ကျောင်းသူများ၏ စာရိတ္တခိုင်မာအောင် ကူညီအားပေးခဲ့ သည်။ ကျောင်းသားရေးရာကို ကိုင်တွယ်ရာတွင် ဆရာကြီး ဆရာမကြီးများ သည် ယုံကြည်ချက်အတိုင်းသာ ဆောင်ရွက်ခဲ့ကြသည်။ ပညာရပ်ဆိုင်ရာ များသည် ကမ္ဘာတွင် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်၍ နိုင်ငံ တကာပညာရပ်ဆိုင်ရာများအား  အစဉ်အမြဲ  ဖတ်မှတ်လေ့လာပါမှ ဆရာ၊ ကျောင်းသား  အဆင့်အတန်းမြင့်လာမည်ဟု  ဆရာကြီးများက  မှာကြားခဲ့ သည်။

အတိတ်တစ်ချိန်က ရန်ကုန်တက္ကသိုလ် ဆရာကြီး ဆရာမကြီးများက တက္ကသိုလ်ကျောင်းသားများအပေါ်ထားရှိသည့် ခံယူချက်နှင့် သင်ကြားလမ်း ညွှန်ပြမှုများသည် ရန်ကုန်တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူများ တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်းကောင်းများဖြစ်သည်။ ထိုဆရာ ကောင်းများ၏ တပည့် ဖြစ်ခဲ့ကြသူ၊ ဆရာများ၏ လမ်းညွှန်မှာကြားမှုများကို လိုက်နာခဲ့ကြသူ ကျောင်းသား ကျောင်းသူများသည် ပန်းကောင်းပန်နိုင်ကြ သူများ ဖြစ်ခဲ့ကြသည်။ မိမိတို့၏လူမှုဘဝနှင့် မိမိတို့ကျင်လည်ရာနယ်ပယ်တွင် ဆရာပြ၍ နည်းလမ်းတကျဖြစ်ကာ တိုးတက်အောင်မြင်မှုများရခဲ့ကြသည်။

ယခုအခါ   ရန်ကုန်တက္ကသိုလ်ကြီးသည်  နှစ်  ၁၀၀ ပြည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ရာ အတိတ်က တက္ကသိုလ်နှင့်ဆရာများအား ဂုဏ်ပြုသော အားဖြင့် မျက်မှောက် ကာလ ပညာရေးတိုးတက်ဖွံ့ဖြိုးစေရန် တာဝန်ယူသူများ အခွင့်အခါကောင်း ရနေစဉ်တွင် ပညာဘူမိနက်သန်၊ ပညာဗဟိုချက်ဖြစ်သည့် ရန်ကုန် တက္ကသိုလ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးစားအားထုတ် နိုင်မည်ဟု မျှော်လင့်ပါကြောင်း။ 

km