အချိန်နှင့်တစ်ပြေးညီ ပြန်ကြား ပြည်သူ့စိုးရိမ်မှုများ လျှော့ချ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ပြီးတစ်နေ့ စံချိန်ချိုးနေသည့်နှယ် မြင့်တက်လျက်ရှိသည်။ ကူးစက် ရောဂါ၏ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲသည့် ရောဂါပိုးများပေါ်ပေါက်လာခြင်းနှင့် ပြည်သူများအတွင်း ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့် အချိန်ကြာမြင့်လာသည်နှင့်အမျှ သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်များ သတ်မှတ်ကြေညာပေးခဲ့ခြင်း၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက်ကျေးရွာများ အရောက် အသိပညာပေးခြင်း အစီအစဉ်များနှင့်အတူ ပြည်သူများက လိုက်နာနေထိုင်ကြခြင်းဖြင့် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါကူးစက်မှုအရှိန်တန့်သွားကာ တဖြည်းဖြည်းပြန်လည် ကျဆင်းသွား ရမည်သာဖြစ်သည်။

 

လက်ရှိအခြေအနေတွင် ရောဂါကူးစက်မှုမြင့်တက်နေပြီး ရောဂါ ပြင်းထန်သည့်အလျောက် ဆေးရုံတက်ကုသ ရသည့် လူနာအရေအတွက်များ ရုတ်တရက်များပြားလာခြင်းနှင့်အတူ လက်ခံကုသရသည့် အပိုင်းတွင် ဝန်နှင့်အား မမျှသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စောင့်ကြည့်လူနာလက်ခံသည့် နေရာများနှင့် အတည်ပြု လူနာလက်ခံသည့် နေရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အောက်ဆီဂျင်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရောဂါကုသမှုနှင့် စပ်လျဉ်း၍လည်းကောင်း ပြည်သူလူထုအတွင်း ပကတိအခြေအနေမှန်၊ သတင်းအမှန်ကို ရရှိမှု အားနည်းနေပြီး စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက်ရှိသည်။ ယင်းသို့ ဖြစ်ပေါ်ရခြင်းကို လေ့လာကြည့်လျှင် စီမံခန့်ခွဲမှုအားနည်းချက်၊ ဝန်ထမ်းအချို့၏ စိတ်ဓာတ်ရေးရာညံ့ဖျင်းမှုနှင့် တာဝန်မကျေပွန်မှုတို့အပြင် မသမာသူ တို့က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထုတ်လွှင့်နေသော ကောလာဟလများ စသည်တို့ကြောင့်ဖြစ်သည်ကို တွေ့ရသည်။ အများပြည်သူတို့၏ စိုးရိမ်ပူပန်မှုကို အမြတ်ထုတ်သည့် ဝိသမလောဘသားတို့ကလည်း အောက်ဆီဂျင် ၄၀ လီတာဝင် အိုးကြီးတစ်အိုးလျှင် ကျပ်သိန်း ဆယ်ဂဏန်းအထက် ကြေးခေါ်ကြပြီး သေဆုံးသူရုပ်အလောင်းကို ချက်ချင်းမီးသင်္ဂြိုဟ်လိုပါက ကျပ်သိန်းဘယ်မျှ စသည်ဖြင့် ကြေးခေါ်နေကြသည်ဟု သိရသည်။ ကပ်ရောဂါကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အခက်အခဲများအပေါ် ယင်းသို့သော အရှက်အကြောက်ကင်းမဲ့သည့် လုပ်ရပ်များကို လုပ်ဆောင်သူတို့မှာ နိုင်ငံနှင့် လူမျိုး၏ပုံရိပ်ကို ဖျက်ဆီးနေသူများ၊ တစ်ပါးသူ၏ စိုးရိမ်သောက အပေါ်တွင် အမြတ်ထုတ်သူများဖြစ်သည့်အလျောက် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရန် လိုအပ်မည် ဟု ရှုမြင်မိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်နေမှုများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှလည်း ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု၊ သေဆုံးမှု၊ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ဖြစ်စဉ်အမှန်အတိုင်း အချိန်နှင့်တစ်ပြေးညီ ဒေသခံလူထုသိရှိအောင် အချိန်နှင့်တစ်ပြေးညီ ပြန်ကြားပေးနိုင်ရမည် ဖြစ်ကာ သတင်းအမှန်များကို သိရှိရခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်း။" နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမတွင် ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူများ သိရှိလိုသည့် သတင်း၊ ပြည်သူများသိရန် လိုအပ်သည့် သတင်းအချက်အလက်များကို သိရှိနိုင်ရေးအတွက် ဒေသအလိုက် သက်ဆိုင်ရာဌာနများကလျင်လျင် မြန်မြန် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းသည် ယနေ့ အချိန်အခါအဖို့ အမျိုးသားရေးပင်ဖြစ်ခြင်းကြောင့် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နှစ်နှင့်ချီ၍ ရှည်ကြာလာပြီဖြစ်သည့် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေးသည် လုံ့လဝီရိယ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတို့အပြင် ခိုင်မြဲသည့် ဇွဲစိတ်ဓာတ်လည်း လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းအသိတရားဖြင့် ပါဝင်သည်နှင့်အမျှ မကြာမတင်သော ကာလတွင် ကပ်ရောဂါကို အနိုင်ယူနိုင်မည်ဖြစ်ပါကြောင်း။     ။

မြန်မာ့အလင်း