နေပြည်တော် နိုဝင်ဘာ ၈

 

မြန်မာနိုင်ငံသစ်တောကျောင်း၊အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၇) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံသစ်တောကျောင်းသည်  ၁၈၉၈ ခုနှစ်မှစပြီး အခြေခံ သစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၆ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သစ်တောအမှုထမ်းကောင်း များစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့ အထိ ၆၆၁၄ ဦးရှိပြီဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းကမ်း ပြည့်ဝ၍ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်း ကောင်းများဖြစ်စေရန် ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ဝန်ထမ်း များအနေဖြင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် ခေတ်စနစ်နှင့်အညီ လေ့လာကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ သင်ကြား ပေးခဲ့သည့် စာတွေ့၊လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ထိထိရောက် ရောက် အကျိုးရှိအောင်အသုံးချပြီး ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့ကျင့်ကြိုးစား သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး က သင်တန်း ဘက်စုံထူးချွန်ကျောင်းသားဆု၊ စာပေ ထူးချွန် ကျောင်းသားဆု၊ လက်တွေ့ထူးချွန်ကျောင်းသားဆုများကို လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို လည်းကောင်း၊ တာဝန်ရှိသူများက အဆင့်အလိုက်ထူးချွန်ဆုရသူများနှင့် ဘာသာ ရပ်ထူးချွန်ဆုရသူများကို လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ပြီး သင်တန်းဆင်း ကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် အင်းယား သစ်တောပျိုးဥယျာဉ် အတွင်း ပျိုးပင် ၅၈,၀၀၀ ကျော် ပျိုးထောင်ထားမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)