အခြေခံပညာကျောင်းများ၊ ကျောင်းဖွင့်ရာသီအမီ သန့်ရှင်းသာယာသပ်ရပ်ရေး စနေနေ့အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုများ ဒုတိယမြို့တော်ဝန် ကြည့်ရှုအားပေး

ရန်ကုန် မေ ၂၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် အတွင်းရေးမှူး ဦးညွှန့်ဖေ နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်အတူယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်အကြား၊ ဝေဇယန္တလမ်းရှိ  ရေပေါက်ကြည်ချောင်းကူးတံတားသို့ သွားရောက်၍ လူအင်အား၊ ယန္တရား အင်အားများဖြင့်  ချောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ချောင်းကမ်း မြေညှိပြုပြင်နေမှုနှင့် ချောင်းတစ်လျှောက်သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ၃ ရပ်ကွက်ရှိ အမှတ် (၂၄) အခြေခံပညာ မူလတန်းကျောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၅ ရပ်ကွက် တပင်ရွှေထီးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ မြို့နယ်ပညာရေးမှူးရုံး နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၂၁ ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၅၄ ရပ်ကွက် ရှိ အမှတ်(၆ ) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်  တော်ဝင်လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများသို့သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ၊ ပူးပေါင်းအင်အားဖြင့် ကျောင်းများအတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်