အိုမန်နိုင်ငံဘုရင်မင်းမြတ် ဆူလ်တန်ကဘူးစ်ဘင်းဆာအိအယ်လ်ဆာအိ ကွယ်လွန်

မက်စ်ကတ် ၁၁  ဇန်နဝါရီ


အိုမန်နိုင်ငံဘုရင်မင်းမြတ် ဆူလ်တန် ကဘူးစ်ဘင်း ဆာအိအယ်လ်ဆာအိသည် ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အိုမန်နိုင်ငံပိုင် သတင်းဌာနက ဇန်နဝါရီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် အစိုးရနှင့် ပြည်သူများ အလုပ် ပိတ်ရက်သုံးရက် သတ်မှတ်ခဲ့သည်။


ထို့ပြင် ရက်ပေါင်း ၄၀ အတွင်း အလံတိုင်ဝက် လွှင့်ထူထားရမည်ဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ကြေညာခဲ့သည်။ ဆူလ်တန်သည် အိုမန်နိုင်ငံကို ရာစုနှစ် တစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သူလည်းဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။ ၎င်းကွယ်လွန်သွားချိန်တွင် ကလေးတစ်ဦးမျှ ကျန်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် နောက်ထပ်ဆူလ်တန်မှာ မည်သူဖြစ်မည်နည်းဆိုသည့် ခန့်မှန်းမှုများလည်း ပေါ်ထွက်ခဲ့သည်။ သို့သော် ဇန်နဝါရီ ၁၁ ရက်တွင် အိုမန်နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီး ဟိုင်သမ်ဘင်အယ် ဆာအိကို ဆူလ်တန်၏ ဆက်ခံသူ အဖြစ် ရွေးချယ်လိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံ၌ ကြေညာခဲ့သည်။


ဆူလ်တန်ကဘူးစ်ဘင်းဆာအိ အယ်လ်ဆာအိ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းစရာ ကောင်းသော်လည်း တိုင်းပြည်ကိုခေါင်းဆောင်သစ်  အုပ်ချုပ်တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ အစီအစဉ်တင်ဆက်သူက ပြောသည်။ ကဘူးစ်သည် အရှေ့အလယ်ပိုင်းဒေသတွင် ကာလရှည် ကြာအုပ်စိုးခဲ့သည့် ခေါင်းဆောင်ဖြစ်ပြီး ၁၉၇၀တွင် ၎င်း၏ဖခင်နန်းချခံရ ပြီးနောက် အာဏာရလာခဲ့သူလည်း ဖြစ်သည်။


ပင်လယ်ကွေ့ဒေသတွင် ၎င်း၏ သံတမန်ရေးရာအရ စွမ်းဆောင်ရည်ကြောင့် လူသိများလာခဲ့သည်။ ၎င်း၏ ဦးဆောင်မှုဖြင့် အိုမန်နိုင်ငံသည် အမေ ရိကန်နှင့် အီရန်ကြား ဆွေးနွေးနိုင်ရန် ညှိနှိုင်းပေးသည့် နိုင်ငံဖြစ်လာခဲ့သည်။


အေအက်ဖ်ပီ