အိုလံပစ်အားကစားပြိုင်ပွဲကျင်းပရေးအတွက် ထောက်ခံကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

ဝါရှင်တန် ၁၄ ဇွန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲနှင့် ပါရာလံပစ်အားကစားပြိုင်ပွဲ ကျင်းပရေးအတွက် ထောက်ခံအားပေးလျက်ရှိပါကြောင်း ဂျပန်ဝန်ကြီးချုပ်ဆူဂါအား ပြောကြား သည်။

ဂျိုးဘိုင်ဒင်နှင့် ဆူဂါတို့သည် ဗြိတိန်နိုင်ငံ ကွန်ဝေါမြို့၌ ကျင်းပသည့် ဂျီ- ၇ ထိပ်သီးအစည်း အဝေးတက်ရောက်စဉ် ယမန်နေ့က သီးခြားတွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရက အိုလံပစ်အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို သေချာစွာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သို့မှသာ အားကစားသမားများ ဘေးကင်းလုံခြုံစွာ ယှဉ်ပြိုင်ကစားနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဆူဂါက ဆိုသည်။

အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဂျပန်နိုင်ငံ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုပါကြောင်းနှင့် ထောက်ခံအားပေးလျက်ရှိကြောင်း ဂျိုးဘိုင်ဒင်ကပြောကြားသည်။ အိုလံပစ်အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အိုလံပစ်အားကစား ပြိုင်ပွဲကျင်းပရန် ပြင်းပြသောဆန္ဒရှိကြောင်း ဖော်ပြသည့် ပူးတွဲကြေညာချက်ကို ဂျီ-၇ ခေါင်းဆောင်များက ထုတ်ပြန်သင့်ကြောင်း ဝန်ကြီးချုပ် ဆူဂါကဆိုသည်။

အဆိုပါ ကြေညာချက်ထွက်ပေါ်လာရန် ဂျိုင်းဘိုင်ဒင်နှင့် ဝန်ကြီးချုပ်ဆူဂါတို့က အခြားသော ခေါင်းဆောင်များအား တိုက်တွန်းပြောကြားခဲ့ကြသည်။ ။

ထို့ပြင် ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ် ဒေသထွက်ပေါ်လာရေးတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အခန်းကဏ္ဍသည် အရေးပါကြောင်း ခေါင်းဆောင်နှစ်ဦးက ထပ်လောင်း အတည်ပြုကြသည်။

အလားတူ ဂျပန်ဝန်ကြီးချုပ်ဆူဂါနှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့သည်လည်းလုံခြုံရေး၊ နည်းပညာနှင့် မြောက်ကိုရီးယားအရေးတို့တွင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့သည် ဗြိတိန်နိုင်ငံ၌ ကျင်းပသည့် ဂျီ-၇ ထိပ်သီးအစည်း အဝေး၏ ဒုတိယနေ့ အစည်းအဝေးပြီးနောက် တစ်နာရီခွဲခန့်အကြာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ တွေ့ဆုံစဉ် အင်ဒို-ပစိဖိတ်ဒေသတွင် ပြင်သစ်နိုင်ငံ၏ စစ်ဘက်သုံးရေယာဉ်များ ဖြန့်ကြက်မှုအားကောင်းလာခြင်းကို ကြိုဆိုပါကြောင်း ဂျပန်ဝန်ကြီးချုပ်ဆူဂါက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ်ဆူဂါနှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့သည် ဒေသတွင်း ကိစ္စရပ်များအပါအဝင် စွမ်းအင်နှင့် အခြားသောအဆင့်မြင့်နည်းပညာ နယ်ပယ်များ၌လည်း မိတ်ဖက်ဖြစ်မှုကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

ထို့ပြင်လာမည့်လတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုအိုလံပစ်နှင့် ပါရာလံပစ် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ ပြင်သစ်သမ္မတမက်ခရွန် တက်ရောက်ရန် စီစဉ်ထားခြင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ဆူဂါက ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်