အိုဆာဆူနာကို နောက်ကျဂိုးများဖြင့် အနိုင်ရရှိပြီး ချန်ပီယံဖြစ်ရန် နီးစပ်လာသည့် အေတီမက်

စပိန်လာလီဂါပွဲစဉ် (၃၇) အဖြစ် အမှတ် ပေးဇယားဦးဆောင်သူ အက်သလက်တီကို မက်ဒရစ်အသင်း နှင့် အိုဆာဆူနာအသင်းတို့ ပွဲစဉ်ကို မေ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဖလားဆွတ်ခူးရန် လက်တစ်ကမ်း အလိုသို့ ရောက်ရှိလာခဲ့သည်။

အေတီမက်အသင်းသည် ယနေ့ပွဲစဉ်တွင် အိုဆာဆူနာအသင်းကို အနိုင်ရရှိခဲ့သောကြောင့် ရာသီပြီးဆုံး ရန် တစ်ပွဲအလိုတွင် ရမှတ် ၈၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယနေရာမှ ဖိအားပေးလျက်ရှိနေသည့် ရီးရဲမက်ဒရစ်အသင်းက ၃၇ ပွဲကစားပြီး ရမှတ် ၈၁ မှတ်ဖြင့် ဆက်လက် ဖိအားပေးလျက်ရှိနေသည်။ သို့သော်လည်းအေတီမက် အသင်းသည် လာမည့် ရာသီပိတ် ပွဲစဉ်ကို အနိုင်ရရှိခဲ့မည်ဆိုပါက ၂၀၁၃-၂၀၁၄ ခုနှစ်နောက်ပိုင်း လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူး ရရှိမည်ဖြစ်သည်။

ယနေ့ပွဲစဉ်တွင် အေတီမက်အသင်းသည် အော့ဘလက်၊ ထရစ်ပီယာ၊ ဆာဗစ်၊ ဖီးလစ်ပီ၊ ကိုကီ၊ နီဂွက်ဇ်၊ ကော်ရဲရား၊ ဆွာရက်ဇ် စသည့်အဓိကကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ အေတီမက်အသင်းသည် ပွဲစသည်နှင့်တစ်ပြိုင်နက် ဆိုဆာဆူနာအသင်းအပေါ် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှုများ ရရှိခဲ့သည်။ သို့သော်လည်း အသင်းမှ ကစားသမားများ ဂိုးရရှိရန် ဆန္ဒစောနေခြင်း၊ အဆုံးသတ် မသေ ချာခြင်း၊ အိုဆာဆူနာဂိုးသမား လက်စွမ်းပြ ကာကွယ်ထားနိုင်ခြင်းတို့ကြောင့် အေတီမက်အသင်း ဦးဆောင်ဂိုးနှင့် ဝေးကွာခဲ့ရခြင်း ဖြစ်သည်။

 ပွဲချိန် ၉ မိနစ်တွင် အေတီမက်အသင်း ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သော ကြောင့် နစ်နာခဲ့ရသည်။ ဦးဆောင်ဂိုး ကို အိုဆာဆူနာအသင်းက ပွဲချိန် ၇၅ မိနစ်တွင် ရရှိခဲ့ပြီး ဂါစီယာ ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဘူဒီမီယာက သွင်းယူပေးနိုင်ခဲ့သည်။ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီး နောက် အေတီမက်အသင်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၈၂မိနစ်တွင် ချေပဂိုးရရှိခဲပြီး လူစားဝင်ကစားသမား ဂျာအိုဖီးလစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် လိုဒီက သွင်းယူပေးနိုင်ခဲ့သည်။ ရလဒ်ကောင်းရရှိရေး အာရုံစိုက်လာသည့် အေတီမက်အသင်းသည် တစ်ဖက်တစ်ဂိုးစီ သရေကျပြီး နောက် အနိုင်ဂိုးရရှိရေးကြိုးစားလာခဲ့ရာ ပွဲချိန် ၈၈ မိနစ်တွင်ရရှိခဲ့သည်။ အဆိုပါ ဂိုးကို ကာရက်စ်ကို၏ ဖန်တီးပေးမှုမှတစ်ဆင့် ဆွာရက်ဇ်က သွင်းယူပေးနိုင်ခဲ့သည်။ ဆွာရက်ဇ်သည် ယနေ့ပွဲစဉ်တွင် တစ်ဂိုးသွင်း ယူနိုင်ခဲ့သောကြောင့် ယခုနှစ်ရသီ လာလီဂါတွင် ၃၁ ပွဲကစားပြီး ဂိုး ၂၀ အထိ ရှိလာခဲ့ပြီ ဖြစ်သည်။  အေတီမက်အသင်းသည် ရာသီပိတ်ပွဲစဉ်အဖြစ် မေ ၂၃ ရက်တွင် တန်းဆင်းဇုန်အတွင်းမှ ဗယ်လာဒိုလစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လာလီဂါပွဲစဉ် (၃၇) မှ အခြားသော အသင်းကြီး ပွဲစဉ်ရလဒ်များအနေဖြင့် ရီးရဲမက်ဒရစ်အသင်းက ဘီလ်ဘာအိုအသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းက ဆယ်တာဗီဂို အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရီးရဲမက်ဒရစ်အသင်းသည်ဘီလ်ဘာအိုကို အနိုင်ရရှိခဲ့သောကြောင့် ချန်ပီယံမျှော်လင့်ချက် ဆက်လက် ရှင်သန်လာခဲ့ပြီး ဘာစီလိုနာအသင်းက ဆယ်တာဗီဂိုအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီဖြစ်သည်။

အောင်ဇော်