ပေကျင်း မေ ၁၂
အိန္ဒိယနှင့် ပါကစ္စတန်တို့အကြားရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံက ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံအကြား မတူကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျန်း က မေ ၁၂ ရက်တွင် ပြောကြားသည်။
နှစ်နိုင်ငံအကြားရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန်လိုအပ်ကြောင်း ၎င်းကပြောကြားသည်။
အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံစလုံးအတွက် ရေရှည်တွင် အကျိုးကျေးဇူးဖြစ်စေမည်ဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကူအညီပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်သကဲ့သို့ တရုတ်နိုင်ငံနှင့်လည်း နှစ်နိုင်ငံစလုံးမှာ အိမ်နီးချင်းများဖြစ်သဖြင့် ယခု လက်နက်ကိုင်ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှ စတင်၍ ၎င်းနှစ်နိုင်ငံအား တင်းမာမှုများ ကိုလျှော့ချပြီး တည်ငြိမ်စွာဖြင့်ဖြေရှင်းရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့ကြောင်း ၎င်းကပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် မေ ၁၀ ရက်က ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အစဟတ်ဒါးနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာတို့အား ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး တင်းမာမှုများလျှော့ချရန်နှင့် ပြီးပြည့်စုံပြီး ရေရှည် တည်တံ့သည့် အပစ်အခတ်ရပ်စဲရေးရရှိရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
လက်ရှိရရှိထားသည့် အပစ်အခတ်ရပ်စဲရေး တည်တံ့စေရေး၊ လက်နက်ကိုင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးနှင့် မတူကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရေး အပါအဝင် ရေရှည်တည်တံ့သည့် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း လင်ဂျန်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ