အိန္ဒိယနိုင်ငံ၌ တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅၅၀၇၈ ဦး စံချိန်တင်တွေ့ရှိ

နယူးဒေလီ ၁  ဩဂုတ်

အိန္ဒိယနိုင်ငံ၌ ယနေ့ဆေးမှတ်တမ်းများအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၅၀၇၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၆၃၈၈၇၀ ရှိလာခဲ့ပြီဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းတွင် ထုတ်ပြန်ခဲ့သည်။

ယနေ့တွေ့ရှိခဲ့သည့် အရေအတွက်သည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅၀၀၀၀ ကျော် တွေ့ရှိသည့် ဒုတိယမြောက်နေ့အဖြစ် စံချိန် တင်ခဲ့သည်။

ယနေ့တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၇၉ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝန်း၌ သေဆုံးသူပေါင်း ၃၅၇၄၇ ဦး ရှိလာခဲ့ပြီဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံး ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နှင့် ဘရာဇီး နိုင်ငံတို့ပြီးနောက် တတိယ ဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး အာရှနိုင်ငံများအနက် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒဏ်ကို အဆိုးရွားဆုံးခံစားရသည့်နိုင်ငံ ဖြစ်လာခဲ့သည်။

သို့သော် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှပြန်လည်ဆင်းသွားသူ ၁၀၅၇၈၀၅ ဦးရှိကြောင်း သိရသည်။

ယမန်နေ့ထိတိုင် ပြည်သူ ၁၈၈၃၂၉၇၀ အား ရောဂါရှိ၊ မရှိ ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ဇူလိုင် ၂၉ ရက် တစ်ရက်တည်းတွင် ပြည်သူ ၆၄၂၅၅၈ ဦးအား ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တစ်ရက်လျှင် ပြည်သူတစ်သန်းကျော်အား ဆေးစစ်မှုများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။

သြဂုတ် ပထမပတ်တွင် ယောဂကျင့်စဉ်နှင့် အားကစားခန်းမများကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုမည်ဖြစ်သော်လည်း စာသင်ကျောင်းများနှင့် ပညာရေးဆိုင်ရာ သင်တန်းများကို သြဂုတ် ၃၁ ရက်ထိတိုင် ဆက်လက်ပိတ်ထား မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်