ဒီဇင်ဘာ ၄
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားသဖြင့် သေဆုံးသူသုံးဦး၏အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ရာ သေဆုံးသူ ခုနစ်ဦးရှိလာကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။
တမီးလ်နာဒူပြည်နယ် မြို့တော်ချန်နိုင်း၏အနောက်ဘက် ကီလိုမီတာ ၁၉၅ အကွာခန့်ရှိ တီရူဗန်နာမာလိုင်မြို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဖန်ဂဲလ်တိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းရာမှမြေပြိုမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါမြေပြိုမှုကြောင့် အသက် ၂၀ ကျော် စုံတွဲတစ်တွဲနှင့် ၎င်းတို့၏ကလေးနှစ်ဦးအပြင် အိမ်နီးချင်းမိသားစုမှ ကလေးသုံးဦးတို့သေဆုံးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထိုပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် ရေလွှမ်းခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် သီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးသည့်အပြင် တံတားများရေမြုပ်ပြီး ကျေးရွာများ၏ အဝင်လမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို