အိန္ဒိယနိုင်ငံမြို့တော်တွင် ကိုဗစ်-၁၉ အသွားအလာပိတ်ဆို့ကန့်သတ်မှုများကို ဇွန် ၇ ရက်အထိ ဆက်လက်ထားရှိမည်

နယူးဒေလီ ၃၁ မေ

အိန္ဒိယနိုင်ငံမြို့တော် ဒေသတစ်ဝိုက်တွင် ကိုဗစ်-၁၉ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကာလကို နောက်ထပ်တစ်ပတ် အချိန်ထပ်တိုးလိုက်သည်ဟု အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကဏ္ဍနှစ်ခုအတွက် ကန့်သတ်ချက်များကိုမူ ဖြေလျှော့ပေးမည်ဖြစ်သည်။

ထုတ်လုပ်ရေးနှင့်ဆောက်လုပ်ရေးကဏ္ဍတို့တွင် ဖြေလျှော့မှုများ ပြုလုပ်မည်ဟု အစိုးရက မေ ၂၉ ရက်တွင် ပြောသည်။

လက်ရှိချမှတ်ထားသည့် အသွားအလာပိတ်ဆို့ကန့်သတ်မှုမှာ မေ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဇွန် ၇ ရက်အထိ နောက်ထပ်သက်တမ်းတိုးလိုက်သည်ဟု အစိုးရအရာရှိတစ်ဦးက ပြောသည်။

လုပ်ငန်းပြန်စမည့် ကုမ္ပဏီများအနေဖြင့် ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် ကြိုတင်ကာကွယ်မှုများကို တိကျစွာလိုက်နာရမည်ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေကြသူများကို အစိုးရဘက်မှ ကျပန်း ကိုဗစ်-၁၉ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

မေ ၂၈ ရက်က ဒေလီမြို့အကြီးအကဲအာဗင်ကက် ဂျရီဝဲလ် က ဒေလီမြို့တွင်ကိုဗစ်-၁၉ ဒုတိယအကြိမ်ကို ထိန်းချုပ်နိုင်ပြီး လာမည့်သီတင်းပတ်မှစတင်ကာ အသွားအလာပိတ်ဆို့ကန့်သတ်မှုများကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးတော့မည်ဟု ပြောသည်။

သို့သော်လည်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ အဆုံးမသတ်သေးဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဒေလီမြို့တွင် မေ ၂၈ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁၄၁ ဦး ရှိပြီး သေဆုံးသူ ၁၃၉ ဦးရှိ သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

သီတင်းပတ်တိုင်း ကျွမ်းကျင်သူများနှင့် အများပြည်သူများ၏ အကြံဉာဏ်များအပေါ် အခြေခံကာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကို ဆက်လက်ထား ရှိသင့် မသင့် ဆုံးဖြတ်မည်ဟုလည်း ဒေလီမြို့ အကြီးအကဲက ပြောသည်။

မည်သူတစ်ဦးတစ်ယောက်မျှ အသွားအလာ ပိတ်ဆို့ကန့်သတ်ခံရခြင်းကို မကြိုက်သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုများမှာ ဆက်လက်များပြားဆဲ ဖြစ်နေလျှင် ဖြေလျှော့မှုများကို ကန့်သတ်ပစ်ရ မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

ဆင်ဟွာ