အိန္ဒိယနိုင်ငံမှ မြန်မာ့ပဲကို လိုအပ်ချက်အရ ဝယ်ယူနေသော်လည်း စျေးနှိမ်ခံရ

၂၁ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံမှ မြန်မာ့ပဲကို လိုအပ်ချက်အရ ဝယ်ယူနေသော်လည်း စျေးနှိမ်ခံရကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပဲလိုအပ်ချက်အရ  မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ကိုတာစနစ်​ဖြင့် တင်သွင်းမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအိန္ဒိယနိုင်ငံ၏ ပဲထွက်ရာသီတွင် ရာသီဥတု အခြေအနေအရ ပဲလိုအပ်ချက် ဆက်လက်မြှင့်တက်နေကြောင်း၊ သို့ဖြစ်၍ ​အိန္ဒိယနိုင်ငံ၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်ဖြင့် မြန်မာ့ပဲကို စျေးအော်ဒါသဘောမျိုးဖြင့် ဝယ်ယူနေသော်လည်း စျေးနှိမ်ခံရကြောင်း ၎င်းက ဆက်ပြောသည်။

 

"သူတို့ တကယ်စိုက်ပျိုးတဲ့ပြည်နယ်တွေမှာ မိုးများတာတို့ ရေကြီးတာတို့ ဒါတွေတွေ့ရတာပေါ့၊ နောက်ပြည်နယ်တွေမှာ ပစ္စည်းအဝင်တွေလည်း သိပ်အားရစရာမရှိဘူးပေါ့၊အဲတော့ ဒီအကျိုးဆက်က ဘာဖြစ်လာလည်းဆိုတော့  မနှစ်ကလိုဘဲ ဒီတန်ချိန်တစ်သိန်းခွဲ ကန့်သတ်ထားတဲ့အချိန် အခုဆို အောက်တိုဘာလလည်းဝင်လာပြီပေါ့၊ ဒီတန်ချိန်တစ်သိန်းခွဲ​​ပြည့်ခါနီးအချိန်ကျမှ သူတို့အိန္ဒိယ ပြည်နယ် အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ သူတို့ စျေးအော်ဒါခေါ်တာပေါ့လေ၊ မနှစ်ကပုံစံမျိုးဆန်ဆန် သူတို့ ဝယ်ယူမှုတွေ ပြန်စတာတွေကို တွေ့ရတယ်၊ သူတို့က ပဲလိုအပ်ချက်ရှိတဲ့အခါကျတော့ အိန္ဒိယဘက်က ပေါ်လစီက အမျိုးမျိုး ပြောင်းလဲလာတာပေါ့နော်၊ မနှစ်ကလည်း ထိုနည်းလည်းကောင်းမြင်ရတယ်၊ ဒီနှစ်လည်း ထိုနည်းလည်းကောင်း ထပ်မြင်ရတာပါပဲ ၊ အဲတော့ ဘယ်လိုပဲပြောပြော ပြည်တွင်းမှာ ပဲစျေး အထိုက်အလျောက် ပြန်တက်လာတာပေါ့လေ၊ ဒါပေမယ့် ပြန်တက်လာသည်ဆိုသည့်တိုင်အောင် အိန္ဒိယမှာ တကယ်ဖြစ်နေတဲ့ ပဲစျေးထက်စာရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပဲစျေးက တစ်တန်ကို ဒေါ်လာ ၂၅၀ လောက် နိမ့်နေတာကို တွေ့ရပါတယ်"ဟု  ဦးမင်းကိုဦး က ပြောသည်။

 

ထိုသို့ အိန္ဒိယနိုင်ငံ၏ ပေါ်လစီအမျိုးမျိုးကြောင့် ပဲစိုက်တောင်သူများ နစ်နာမှုမရှိစေရန် အစိုးရချင်း သဘောတူညီချက်ဖြင့် ဆောင်ရွက်ရန် ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်ကြားမှု မရှိသေးဘဲ လက်ရှိ ကိုတာစနစ်သတ်မှတ်၍ ဝယ်ယူနေသောကြောင့် ကုန်သွယ်မှုတွင် အမှန်တကယ်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံအတွက် အားနည်းချက်တစ်ခု ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

"သူတို့ဘက်က ဒါဘယ်လိုဘဲပြောပြော ရာသီဥတုအခြေအနေအရ ပဲလိုအပ်ချက် ရှိတယ်ဆိုကာမှ ခုနပြောတဲ့ မူဝါဒ အပြောင်းအလဲပေါ့နော်၊ ဒီမူဝါဒ အပြောင်းအလဲတွေနဲ့ လိုအပ်ချက်ရှိတဲ့အခါမှာ လိုအပ်ချက်ရှိသလို မူဝါဒ အပြောင်းအလဲတွေနဲ့ ဒီဘက်ကို ပဲဝယ်တယ်၊ ဒါတွေတော့ ဖြစ်လာတယ်၊ အဲတော့ ဘာပဲပြောပြော ခုနကျွန်တော်ပြောသလိုဘဲ လက်ရှိ ကိုတာစနစ်ကို အိန္ဒိယက ကျင့်သုံးနေတယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘယ်လိုဘဲပြောပြော ကုန်သွယ်တဲ့အခါမှာ တစ်ဖက်ရှုံးနေ တာပေါ့နော်၊ ရှုံးတယ်ဆိုတာ ဘာကြောင့်ရှုံးလည်း ဟိုဘက် ရသင့်ရထိုက်တဲ့စျေး မရဘူး၊ အခုမှ တစ်တန်ကို ဒေါ်လာ ၆၅၀ လောက်ရလို့ စျေးတက်လာတယ်ဆိုပေမယ့်လည်း အိန္ဒိယမှာ တကယ် ဖြစ်နေတာက တစ်တန်ကို ဒေါ်လာ ၈၀၀ ကျော် ဖြစ်နေတာ" ဟု ဦးမင်းကိုဦး က ပြောသည်။

 

သို့ဖြစ်၍ အိန္ဒိယနိုင်ငံအနေဖြင့် ကိုတာစနစ်ကို ဆက်ကျင့်သုံးမည်ဆိုပါက မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့သည့် ပဲများကို သတိပြု စိုက်ပျိုးထုတ်လုပ်သင့်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

"အသင်းအဖွဲ့တွေ အစိုးရအပိုင်းတွေကရော ဘယ်ပဲစိုက်ပါ ဘယ်ပဲ မစိုက်ပါနဲ့လို့ ယတိပြတ်မပြောရဲဘူး၊ ဆိုတာက တစ်ခါတစ်ရံကျတော့ ပြောလိုက်တဲ့  စေတနာက လာမယ့်နှစ်မျိုးမှာ ပဲစျေးကောင်းသွားတဲ့အခါကျတော့ အပြစ်တစ်ခု ဖြစ်လာနိုင်တာကိုး၊ ဒါပေမယ့် အခြေအနေမှန်ကိုတော့ ရှင်းပြလို့ဘဲရမှာ၊ အိန္ဒိယက လက်ရှိကုန်သွယ်နေတဲ့ အနေအထားကတော့ ကျွန်တော်တို့ ကုန်သွယ်မှုမှာ မျှတမှု အားနည်းတယ်ပေါ့၊ ဘာကြောင့်အားနည်းလည်းဆို ကိုတာစနစ်နဲ့ သူကလိုင်စင်စနစ် လုပ်ထားတဲ့အခါကျတော့ သူတို့လိုရင် ကိုတာကို ဖွင့်ပေးမယ်၊ မလိုရင်ပိတ်ထားမယ်ဆိုတဲ့ အခါကျတော့ ဒီဘက်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ သူတွေက ကုသိုလ်ကံကောင်းရင်တော့ အထိုက်အလျောက် စျေးရမှာပေါ့နော်၊ အခုလိုပေါ့ ဒီနှစ်ပုံစံမျိုး လိုအပ်ချက်တကယ်ရှိတဲ့အခါကျတော့ အထိုက်အလျောက် ပြန်ရလာတာပေါ့၊ တကယ်လိုအပ်ချက်မရှိတဲ့နှစ်မျိုး သွားကြုံခဲ့ရင်တော့ ဘယ်လိုဘဲပြောပြော အန္တရာယ် တစ်ခုရှိတာပေါ့" ဟု ဦးမင်းကိုဦး က ဆက်ပြောသည်။

 

လက်ရှိ  မတ်ပဲအသစ် တစ်တန်လျှင် ကျပ် ဆယ်သိန်းကျော်ရှိကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

 

Nyein Nyein