အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲများ မန္တလေးဈေးကွက်တွင် အရောင်းအဝယ်များ ပြန်လည်သွက်လက်မြန်ဆန်လာ

မန္တလေး ၁၄ မေ

 

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အရောင်းအဝယ်များ အေးစက်ငြိမ်သက်နေသည့် မန္တလေးပဲဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း၌ အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲသီးနှံများ အရောင်းအဝယ်များ ပြန်လည်သွက်လက်မြန်ဆန်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

ဒီနှစ်အစမှာ ထွက်ရှိတဲ့ မြေထောက်ပဲသီးနှံတွေကို တရုတ်နိုင်ငံက အဖွင့်ဈေး သုံးတင်းဝင်တစ်အိတ်ကို ၉၅၀၀၀ ကျပ်ပေါက်ဈေးနဲ့ စတင်ဝယ်ယူခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် အဝယ်ရပ်နားသွားခဲ့တယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ အိန္ဒိယနိုင်ငံက ပြန်လည်ဝယ်ယူလာတဲ့အတွက် အရောင်းအဝယ်တွေ ပြန်ပြီးသွက်လက်လာတယ်။ လက်ရှိဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်ကို ၉၅၀၀၀ ကျပ်နှုန်းနဲ့ အရင်ပေါက်ဈေးအတိုင်းပဲ အရောင်းအဝယ်တွေ ပြန်ပြီးဖြစ်နေတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေထောက်ပဲကို ဝယ်ယူပြီး ထုတ်ပိုးမှုစနစ်နဲ့ တစ်ဆင့်ပြန်လည် ရောင်းချနေတယ်လို့ ကြားသိရတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်စည်ဒိုင် ပိတ်ထားတဲ့ကာလမှာ တောင်သူနဲ့ ကုန်သည်တွေ အဆင်ပြေအောင် အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ်တွေ လုပ်နေကြတယ်ဆိုပေမယ့် နမူနာပဲမျိုးစုံ ခင်းကျင်းထားတဲ့ကုန်စည်ဒိုင်မှာ ရောင်းသူနဲ့ ဝယ်သူ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး အရောင်းအဝယ်လုပ်ရတာလောက်တော့ အားရကျေနပ်မှုမရှိဘူး။ ဒါကြောင့် မန္တလေးကုန်စည်ဒိုင် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

မြန်မာထွက်ကုန်သီးနှံမြေထောက်ပဲကို အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နှစ်စဉ်ဝယ်ယူမှုများရှိနေပြီး အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများမှာလည်း ယခင်နှစ်များက ဝယ်ယူမှုရှိခဲ့ကြောင်း သိရသည်။

 

မြေထောက်ပဲကို ဧရာဝတီမြစ်ဝှမ်းဒေသများဖြစ်သည့် ဗန်းမော်၊ ကသာ၊ ထီးချိုင့်နှင့် ရွှေကူမြို့နယ်များတွင် မြစ်ရေကျချိန် မြေနုကျွန်းများပေါ်၌ အောက်တိုဘာလအတွင်း စတင်စိုက်ပျိုးကြပြီး ဆောင်းသီးနှံအဖြစ် ဇန်နဝါရီလတွင် ထွက်ရှိကြောင်းနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ ကလေး၊ ကလေးဝမြို့နယ်များမှ စိုက်ပျိုးထွက်ရှိသည့် မြေထောက်ပဲများမှာလည်း ဖေဖော်ဝါရီလအတွင်း၌ စတင်ထွက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)