အိန္ဒိယနိုင်ငံ မြို့တော် ဒေလီရှိ စာသင်ကျောင်း ၄၀ ထက်မနည်းတွင် ဗုံးဖောက်ခွဲမည်ဟူသောခြိမ်းခြောက်မှုများ ယမန်နေ့ကရရှိခဲ့ပြီး အာဏာပိုင်များက ရဲတပ်ဖွဲ့များနှင့် ဗုံးရှင်းလင်းရေးအဖွဲ့များကို ပညာရေးအဖွဲ့အစည်းများထံသို့ ချက်ချင်းသွားရောက်စေခဲ့သည်ဟု ပြောကြားသည်။
အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးအပ်ခြင်းမပြုပါက ဗုံးများဖောက်ခွဲမည်ဟူသော အမည်မသိခြိမ်းခြောက်မှုများကို အီးမေးလ်များဖြင့် လက်ခံရရှိခဲ့သည်ဟု သိရသည်။
အဆိုပါဗုံးခြိမ်းခြောက်မှုများကိုရရှိခဲ့သော်လည်း စာသင်ကျောင်းများတွင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့တော်ဒေလီအပါအဝင် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများ၊ လေဆိပ်များ၊ စျေးဝယ်စင်တာများနှင့် ဆေးရုံများသို့ လွန်ခဲ့သောလများက ဗုံးခြိမ်းခြောက်လိမ်လည်ပေးပို့မှုများဆက်တိုက်ဖြစ်ပွားခဲ့ရာ ယခုဗုံးခြိမ်းခြောက်ခံရမှုသည် နောက်ဆုံးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို