အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ  ၃၀ ကျော်ရှိလာ

မေ ၂၇

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးမှုများဆက်လက်ဖြစ်ပွားမှုကြောင့် လူပေါင်းသန်းတစ်ဝက်ကျော် ရေဘေးသင့်ပြီး သေဆုံးသူဦးရေ ၃၀ အထိမြင့်တက်လာကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရေကြီးရေလျှံမှုများသည် ထိုပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေပြီး ခရိုင် ၁၂ ခုရေဘေးသင့်ခဲ့သည်ဟု အာသံပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

 

နာဂါအွန်ခရိုင်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း နှစ်ဦးထပ်မံသေဆုံးခဲ့ရာ ထိုပြည်နယ်တွင် ရေကြီးမှုနှင့်မြေပြိုမှုတို့ကြောင့် ယခုချိန်အထိ သေဆုံးသူဦးရေ ၃၀ အထိရှိလာကြောင်း ထိုအဖွဲ့၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရေကြီးရေလျှံမှုများကြောင့် ကျေးရွာပေါင်း ၉၅၆ ရွာ ရေလွှမ်းမိုးခံရပြီး သီးနှံစိုက်ပျိုးမြေ ဟက်တာ ၄၇၁၃၉ ဒသမ ၁၂ ပျက်စီးဆုံးရှုံးခဲ့သည်ဟု  တာဝန်ရှိသူများက ဆိုသည်။

 

ဒေသန္တရအာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ၃၆၅ ခု ဖွင့်လှစ်ထားရာ ထိုကယ်ဆယ်ရေးစခန်းများတွင်  ကလေးဦးရေ ၁၃၉၈၈ ဦးအပါအဝင် လူပေါင်း ၆၆၈၃၆ ဦး ခိုလှုံနေကြသည်။

 

မုတ်သုံရာသီအတွင်း အာသံပြည်နယ်တွင် နှစ်စဉ် ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို