အိန္ဒိယမှ ပြန်လည်ဝယ်ယူမည့် သတင်းကြောင့် မန္တလေးဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်း ကျပ်တစ်သိန်းအထိ မြင့်တက်လာ

မန္တလေး ၂  မေ 

 

အိန္ဒိယနိုင်ငံမှ မြန်မာ့ထွက်ကုန် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံများကို ပြန်လည်တင်သွင်းခွင့်ပြုမည့် သတင်းကြောင့် တရိပ်ရိပ် မြင့်တက်လာသည့် ပဲစင်းငုံဈေးနှုန်းမှာ ယနေ့တွင် သုံးတင်းဝင် တစ်အိတ် လျှင် ကျပ် တစ်သိန်းနှုန်းအထိ ရောက်ရှိလာကြောင်း မန္တလေးပဲဈေးကွက်မှ သိရသည်။

 

အဆိုပါသီးနှံများကို လွန်ခဲ့သည့် နှစ်လကျော်ကာလက အိန္ဒိယနိုင်ငံမှ ဝယ်ယူမှု ရပ်ဆိုင်းထားခဲ့ပြီး မတ်လ ၂၉ ရက်တွင် ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ မတ်ပဲ တန်ချိန် တစ်သိန်းခွဲနှင့် ပဲတီစိမ်း  တန်ချိန် တစ်သိန်းခွဲ ပြန်လည်ဝယ်ယူရန် ခွင့်ပြုသည့် သတင်းကြောင့် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ခုနစ်သောင်းနှုန်းသာ ရှိခဲ့သော ပဲစင်းငုံသီးနှံမှာ သင်္ကြန်မတိုင်မီကာလ၌ ရှစ်သောင်းငါးထောင်ခန့်အထိ မြင့်တက်လာခဲ့ပြီး သင်္ကြန်အပြီးကာလ၌ တရိပ်ရိပ်မြင့်တက်လာကာ ယခု မေလ ၂ ရက်တွင် ကျပ်တစ်သိန်းအထိ ရောက်ရှိခဲ့ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

''အိန္ဒိယက ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ သတင်းကြားရုံနဲ့တင် ပြည်တွင်းက ကုန်သည်တွေက ကြိုတင် ဝယ်ယူမှုတွေ ရှိလာတာကြောင့် ဈေးနှုန်းက တရိပ်ရိပ် တက်လာလိုက်တာ ဒီနေ့ဆို ကျပ် တစ်သိန်းအထိ ရောက်သွားတယ်။ နှစ်နှစ်အတွင်းမှာ ပဲစင်းငုံဈေးနှုန်းက စံချိန်တင်မြင့်တက်လာ တယ်လို့ ပြောလို့တယ်။ ဝယ်ယူမှုစပြီး ရပ်ဆိုင်းလိုက်တဲ့ ၂၀၁၇ ခုနှစ် အချိန်ကတည်းက ဈေးနှုန်းတွေ ကျဆင်းလာခဲ့တာ လေးသောင်းကျပ်အထိ ရောက်ရှိခဲ့တဲ့အတွက် တောင်သူတွေရော ကုန်သည်တွေပါ အခက်အခဲတွေ ကြုံတွေ့ငြီးတွားခဲ့ရတယ်။ အခု ၂၀၁၉ ခုနှစ် သင်္ကြန်အပြီးမှာတော့ ပြုံးနိုင်ပျော်နိုင်တဲ့ အနေအထားကို ရောက်ရှိသွားပါပြီ ''ဟု ၄င်းက ပြောသည်။

 

ထို့အတူ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများမှာလည်း အိန္ဒိယမှ ပြန်လည်တင်သွင်းခွင့်ပြုမည့်သတင်းကြောင့် ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာခဲ့ရာ ယခင်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ခြောက်သောင်းရှစ်ထောင်နှုန်း ရှိခဲ့သော မတ်ပဲမှာ လက်ရှိတွင် ကျပ် ခုနစ်သောင်းသုံးထောင်နှုန်း၊ ယခင်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သိန်းနှစ်သောင်းနှုန်းရှိခဲ့သော ပဲတီးစိမ်းသီးနှံမှာ ယခု အခါ ကျပ်တစ်သိန်းနှစ်သောင်းငါးထောင်နှုန်းအထိ တရိပ်ရိပ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

ပဲစင်းငုံသီးနှံမှာ တစ်နှစ်လျှင် တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးနိုင်ပြီး အထက်အညာဒေသ များဖြစ်သော မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပြည်ပ ပို့ကုန်အဖြစ် အဓိအားထားစိုက်ပျိုးကြသည့် သီးနှံဖြစ်ကြောင်း သိရသည်။

 

အောင်ဖြိုးကျော်