အိန္ဒိယမှ မတ်ပဲကို တန်ချိန်နှစ်သိန်းခွဲ ဝယ်ယူမည့်သတင်းကြောင့် မန္တလေးစျေးကွက်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်တစ်သောင်းခွဲ မြင့်တက်

မန္တလေး ၂၁ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ မတ်ပဲကို တန်ချိန်နှစ်သိန်းခွဲဝယ်ယူမည့် သတင်းထွက်ပေါ်လာမှုကြောင့် မန္တလေးပဲစျေးကွက်တွင် မတ်ပဲစျေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းခွဲအထိ မြင့်တက်လာကြောင်း မန္တလေး ပဲကုန်သည်များက ပြောသည်။

 

ယခင်က မတ်ပဲကို အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှုတုံ့ဆိုင်းနေခဲ့ပြီး ယခု ဒီဇင်ဘာ တတိယပတ်အတွင်း၌ တန်ချိန်နှစ်သိန်းခွဲ ဝယ်ယူမည်ဟု သတင်းထွက်ပေါ်လာမှုကြောင့် ယခင်ရက်များက မန္တလေးစျေးကွက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ နှုန်းသာရှိခဲ့သော မတ်ပဲစျေးနှုန်းမှာ အဆိုပါသတင်းကြောင့် ဒီဇင်ဘာ ၂၁ ရက်တွင် ၁၀၅၀၀၀ နှုန်းအထိ မြင့်တက်လာခဲ့ပြီး ရန်ကုန်ကုန်စည်ဒိုင် စျေးကွက်တွင် ယခင်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၀ သိန်း အောက်ရှိခဲ့ရာမှ ယနေ့တွင် ၁၁၀၀၀၀ နှုန်းအထိ စျေးမြင့်တက်လာကြောင်း သိရသည်။

 

4

 

လက်ရှိအချိန်မှာ မတ်ပဲအသစ်တွေ ပေါ်ဦးပေါ်ဖျား ထွက်ရှိနေတယ်၊ ဒီလို အိန္ဒိယက ၀ယ်ယူမှုသတင်းက မတ်ပဲစိုက်တောင်သူတွေအတွက်တော့ မင်္ဂလာသတင်းပဲပေါ့၊ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်က မတ်ပဲသုံးတင်းဝင် တစ်အိတ်ကို ကျပ် ၅၅၀၀၀ နှုန်းပဲရှိခဲ့တယ်၊ ယနေ့ အခြေအနေနဲ့ဆိုရင် တောင်သူတွေအနေနဲ့ ရောင်းရတာလည်း လွယ်ကူသွားသလို၊ စျေးကောင်းလည်းရသွားတဲ့အတွက် သားရွှေအိုးထမ်းသလို ဖြစ်သွားတယ်ဟု မန္တလေး မြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားမှုကြောင့် အသစ်ပေါ်ချိန်၌ အဖွင့်စျေးနှုန်း သုံးတင်းဝင် တစ်အိတ်လျှင် ၃၄၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအပြီး၌ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝယ်ယူမည်ဆိုသည့် သတင်းကြောင့် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ နှုန်းသာရှိခဲ့သော မတ်ပဲမှာ ရုတ်တရက် ကျပ် ၅၀၀၀ နှုန်းအထိ ဈေးမြင့်တက်လာပြီး လက်ရှိ ဒီဇင်ဘာလအတွင်း၌လည်း အဆိုပါသတင်းကြောင့် ကျပ် ၁၅၀၀၀ နှုန်းအထိ ဈေးမြင့်တက်လာခြင်းကြောင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေသည့်နှစ်ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

 

မတ်ပဲက စိုက်ပျိုးရာမှာ ဂရုတစိုက် ပြုစုရပေမယ့် အခုလို အဖွင့်စျေးကောင်းရတာကတော့ ကျေးဇူးတင်ရမလို ဖြစ်နေတယ်၊ ဒီနှစ် စပါးစျေးကွက်က အဆင်မပြေတော့ တစ်ဖက်တစ်လမ်းက မတ်ပဲက အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်ဟု ကျောက်ဆည်ခရိုင်၊ စဉ့်ကူးမြို့နယ် တောင်သူ ဦးသောင်းလှက ပြောသည်။

 

မတ်ပဲကို မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူးမြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူနှင့် မြောင်မြို့နယ်များမှ ပေါ်ဦးပေါ်ဖျား မတ်ပဲအသစ်များ စတင်ဝင်ရောက်လျက်ရှိပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း၌ အညာဒေသအစုံမှလည်း ထပ်မံထွက်ပေါ် လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)