ရန်ကုန်     မတ်     ၃

၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့၏ ပထမခြေစမ်းပွဲကို မတ် ၃ ရက် ညပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာအသင်း နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။       

ပြိုင်ပွဲအကြို ပြင်ဆင်မှုကာလဖြစ်သည့်အပြင်   ပွဲထွက်လူစာရင်း၊   လူနေရာချထားမှု၊ ကစားပုံများ  အပြောင်းအလဲပြုလုပ်ထားသည့် မြန်မာအသင်းသည် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ  အိန္ဒိယအသင်းကို  အရှုံးပေးခဲ့ရသည်။  အိန္ဒိယအသင်းမှာလည်း  ဥရောပအသင်းများအပါအဝင် ပြိုင်ပွဲအကြို နိုင်ငံ တကာခြေစမ်းပွဲများစွာ ကစားထားသဖြင့် မြန်မာအသင်းထက်  ကစားပုံပိုကောင်းခဲ့ပြီး အနိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအနေဖြင့်  လာမည့် အာရှဖလား  ယူ-၁၇ ပြိုင်ပွဲမှတစ်ဆင့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန်အထိ ရည်မှန်းထားသဖြင့် ယခုထက်  ပိုမိုကောင်းမွန်သည့် ပြင်ဆင်မှု၊  ပိုမိုကောင်းမွန်သည့်အသင်းများနှင့် ခြေစမ်းကစားရန် လိုအပ်နေသည်။

နှစ်ဂိုးပြတ် ဦးဆောင်

မြန်မာအသင်းသည် ပထမပိုင်းတွင် ကစားပုံပျက်နေသဖြင့် အိန္ဒိယအသင်း၏ ဖိအားပေးခြင်းခံခဲ့ရပြီး   ဂိုးနှစ်ဂိုးလည်း  ခွင့်ပြုခဲ့ရသည်။  အိန္ဒိယအသင်းအတွက်  ဂိုးများကို ၁၁  မိနစ်တွင် ဆင်ဂါနှင့်  ၂၄  မိနစ်တွင်  ဂူနယ်အီဘာတို့ကသွင်းယူခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုးပြတ်ဦးဆောင်နေသည်။  ပထမပိုင်း တွင် ကစားပုံပျက်နေသည့်  မြန်မာအသင်းသည်  ဒုတိယပိုင်းတွင်  ကစားသမားအချို့ အပြောင်းအလဲပြုလုပ်ခဲ့သဖြင့် ကစားပုံပြန်ကောင်းလာပြီး ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။ ၅၃ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် မြင့်မြတ်ကိုကိုက ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုးပြန်သွင်းသော်လည်း ပွဲပြီးသည်အထိ ဂိုးထပ်မသွင်းနိုင်ခဲ့ပေ။ အိန္ဒိယအသင်းသည် ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။

မြန်မာ ယူ-၁၇ အသင်းနှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို  မတ်  ၅ ရက်  ညနေ  ၆  နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ သတ်မှတ်ထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-စိုးညွန့်သော်