အိန္ဒိယ အဝယ်လိုက်၍ မတ်ပဲဈေး တစ်ပတ်အတွင်း တစ်တန်လျှင် ငွေကျပ်တစ်သိန်းခြောက်သောင်းခန့် ဈေးခုန်တက်

၁၈  အောက်တိုဘာ

 

အိန္ဒိယ အဝယ်လိုက်၍ ပြည်တွင်းပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းမှာ တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်တစ်သိန်းခြောက်သောင်းခန့် ဈေးခုန်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

 

 

"မတ်ပဲက ဒီနေ့အနေအထားအရဆိုရင် ဆယ်သိန်းဈေးဖြစ်သွားပြီပေါ့၊ ဆယ်သိန်းနည်းနည်းစွန်းတယ်၊ ပြီးခဲ့တဲ့အပတ်က ရှစ်သိန်းလေးသောင်းလောက်ပဲရှိတာဆိုတော့ တစ်တန်ကို တစ်သိန်းခြောက်သောင်းလောက် တက်တာပေါ့"ဟု ဦးမင်းကိုဦး က ပြောသည်။မြန်မာ့ပဲကို အဓိကဝယ်ယူသော အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပဲလိုအပ်ချက်အရ  မတ်ပဲတန်ချိန် တစ်သိန်းခွဲအား ကိုတာစနစ်ဖြင့် တင်သွင်းမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိ အိန္ဒိယနိုင်ငံ၏ ပဲထွက်ရာသီတွင် ရာသီဥတုအခြေအနေအရ ပဲလိုအပ်ချက် ဆက်လက်မြှင့်တက်နေကြောင်း၊ သို့ဖြစ်၍ အိန္ဒိယနိုင်ငံ၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်ဖြင့် မြန်မာ့ပဲကို ဈေးအော်ဒါသဘောမျိုးဖြင့် ဝယ်ယူနေကြောင်း ၎င်းက ဆက်ပြောသည်။

 

"ဘာပဲပြောပြော အခုရက်မှာ ပြန်တက်လာတယ်ဆိုတာ အကြောင်းနှစ်ချက်ရှိတယ်၊ ပထမ အရေးကြီးဆုံးအချက်ကတော့ သူတို့ဆီမှာ ပဲလိုအပ်ချက်ရှိတယ်၊ သူတို့ ပဲစိုက်ပျိုးတဲ့ ရာသီဥတုအနေအထားက အားရစရာမရှိဘူးပေါ့၊ ဒီလိုအပ်ချက်ရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ရဲ့ မူဝါဒ အပြောင်းအလဲတွေ များတဲ့အပေါ်မှာ အခုလက်ရှိ တန်ချိန်တစ်သိန်းခွဲ သတ်မှတ်တယ်၊ တန်ချိန်တစ်သိန်းခွဲက နောက်ဆုံးတင်ပို့မှုတွေ လုပ်နေပြီ၊ အဲဒီအတောအတွင်းမှာဘဲ နောက်ထပ်ထပ်ပြီးတော့ ခုနပြောသလိုဘဲ ဈေးအော်ဒါအနေနဲ့ သူတို့ ပြည်နယ်အစိုးရ ခွင့်ပြုမိန့်တွေနဲ့ ပြန်ပြီးတော့ စဝယ်တာကို မြင်ရတယ်၊ ဒီလိုစဝယ်တဲ့အတွက်ကြောင့်လည်း ပြည်တွင်းမှာ ဒီနှစ်က စိုက်ပျိုးထုတ်လုပ်ထားတဲ့ပဲ လက်ကျန်နည်းတာရော၊ နောက် အိန္ဒိယဘက်က အခုလိုပေါ့လေ၊ လိုအပ်ချက်ရှိလို့ ဆက်ဝယ်လာတဲ့အခါမျိုးမှာ ဒီဘက်က ရောင်းအားပျော့လာတာကော၊ ဒီအနေအထားနှစ်ခုဆုံတဲ့အခါကျတော့  ပဲဈေးပြန်တက်လာတာဖြစ်ပါတယ်"ဟု ဦးမင်းကိုဦး က ပြောသည်။လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲအသစ် တစ်တန်လျှင် ငွေကျပ် ဆယ်သိန်းကျော်ရှိပြီးအိန္ဒိယအနေဖြင့် ပဲလိုအပ်ချက်အရ ဆက်လက်ဝယ်ယူမည်ဆိုပါက အထိုက်အလျောက် ဈေးဆက်လက် မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နယူးဒေလီမြို့တွင် ကျင်းပခဲ့သော 4th ASEAN-India Expo and Summit သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲ၊ နှမ်း ကုန်သည်များ လိုက်ပါ၍ အိန္ဒိယအစိုးရတာဝန်ရှိသူများကို မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်းခန့် ယခုနှစ်တွင် ဝယ်ယူရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ အကြောင်းမပြန်သေးကြောင်း  မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

ထို့ကြောင့် မြန်မာ့နိုင်ငံမှ ထွက်ရှိသည့် ပဲများကို အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ ဒူဘိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်နှင့် ဥရောပနိုင်ငံတို့က ဝယ်ယူလျှက်ရှိသော်လည်း ပမာဏအားဖြင့် နည်းပါးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ပဲများကို အဓိကဝယ်ယူသည့် အိန္ဒိယနိုင်ငံသို့ အစိုးရခြင်းသဘောတူညီချက်ဖြင့် ပဲရောင်းချရန် ညှိနှိုင်းနေကြောင်း၊ ထို့ပြင် မြန်မာ့ပဲကို အိန္ဒိယအပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်း ဒုဝန်ကြီး ဦးအောင်ထူး ကပြောကြားထားသည်။

 

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဓိကပဲတင်ပို့လျက်ရှိရာ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း အိန္ဒိယ၏ မူဝါဒအပြောင်းအလဲများကြောင့် ပဲဈေးကွက်တွင် တောင်သူများနှင့် ကုန်သည်များ အထိနာခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတန်ချိန် တစ်သန်းကျော်တင်ပို့နိုင်ခဲ့သော်လည်း ဈေးနှုန်းများကျဆင်းမှုကြောင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၃ သန်းသာ ဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

Nyein Nyein