အိမ်နီးချင်း နိုင်ငံများအထိ ဈေးကွက်ကျယ်ပြန့်နေပြီဖြစ်သည့် အာပြဲခြောက်ခေါ် ငါးနှပ်ခြောက်

mdn

ဖျာပုံ ၂၉ မတ်

 

ဖျာပုံငါးခြောက်  ဈေးကွက်တွင် တစ်ချိန်က အာပြဲခြောက်ခေါ် ငါးနှပ်ခြောက်များကို ပေါများစွာ တွေ့ခဲ့ရပြီး စားသုံးသူ အလွန်နည်း၍ ငါးခြောက်များစွာ ရှိသည့်အနက် ဈေးအနည်းဆုံး ငါးခြောက်ဖြစ်သည်။

 

ဖျာပုံဈေး ငါးခြောက် ဈေးကွက်၌ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် ငါးခြောက်မျိုးစုံပြီး ရေလုပ်ငန်း အများဆုံး လုပ်ကိုင်ကြသည့် ပင်လယ်ကမ်းခြေရွာများဖြစ်သည့် ဒေါ်ငြိမ်း၊ နောက်မီး၊ ခါးပြတ်၊ ဗံဒါပင်၊ ကုလားထိပ်၊ ဘုန်းကြီးသောင်နှင့် ချောင်းဝစသည့် ကျေးရွာများမှ ငါးခြောက်များ လာရောက်ရောင်းချကြသဖြင့် အခြားနေ့များထက် ဈေးနှုန်း သက်သာသည့်နေ့ဟု ဆိုရမည်ဖြစ်သည်။

 

မတ် ၂၈ ရက် ဗုဒ္ဓဟူးနေ့ ငါးခြောက်ဈေးတန်းတွင် ပုံမှန်အားဖြင့် အာပြဲခြောက်ခေါ် ငါးနှပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၀ဝ၀ ဝန်းကျင် ရှိခဲ့သော်လည်း ကြားရက်များတွင် ငါးနှပ်ခြောက် အကောင်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၉၀ဝ၀၊ အကောင်သေး တစ်ပိဿာလျှင် ငွေကျပ် ၈၀ဝ၀ နှင့် ခေါင်းဖြတ်ပြီး ငါးနှပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀ဝ၀ အထက် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 

ထိုသို့ ဈေးမြင့်ခြင်း အကြောင်းနှင့် ပတ်သက်၍ ငါးနှပ်ခြောက် ကုန်သည်တစ်ဦးအား မေးမြန်းရာ ရေလုပ်သား ရှားပါး၍ လုပ်အားခ ပိုပေးရကြောင်း၊ ယခင်ကထက် ပင်လယ်ပြင်တွင် ငါးအရနည်းပါးသွားခြင်း၊ ငါးနှပ်ခြောက်ကို အဆင့်မြင့် နည်းပညာများဖြင့် အသင့်စား ငါးနှပ်ခြောက်ဘူးများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များက ငါးနှပ်ခြောက်များ ရသလောက် ဝယ်ယူ၍ အအေးခန်းများဖြင့် သိုလှောင်ထားကြခြင်း၊ အခြားငါးခြောက်များ ဈေးနှုန်း မြင့်လာမှုအပေါ် ငါးနှပ်ခြောက် စားသုံးသူ ပိုမိုများလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးမြင့်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆင့်မြင့် နည်းပညာများဖြင့် ငါးနှပ်ခြောက် ထုတ်လုပ် ရောင်းချနေသည့် ဖျာပုံမြို့(၆)လမ်း မဟာစံ ငါးနှပ်ခြောက်ဆိုင်သို့ သွားရောက်လေ့လာရာတွင် ဆိုင်ရှင်က ပင်လယ်ငါးများကို အငန်ဓာတ်များ ကုန်စင်အောင် ပြုလုပ်ထားပြီး မွနေအောင်ပြုလုပ်၍ မီးဖြင့်ကင်ကာ ဆီထည့်ထားကြောင်း၊ ယင်းနောက် ပလတ်စတစ်ထုပ်၊ ပလတ်စတစ်ဘူးများဖြင့် ထုပ်ပိုးထား၍ သယ်ယူရာတွင် အခြားအရာများကို အစွန်းအထင်း မဖြစ်အောင်နှင့် လွယ်ကူစွာ သယ်ယူနိုင်အောင် ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။

 

ငါးနှပ်ခြောက်ဘူး၊ ငါးနှပ်ခြောက် အထုပ်များကို လက်ဆောင် ပေးရန်အတွက်ဖြစ်စေ၊ ရေနွေးကြမ်းနှင့် မြည်းရန် အတွက်ဖြစ်စေ အဆင်ပြေစွာ အသုံးပြုနိုင်သည့်အပြင် ကုမ္ပဏီ သို့မဟုတ် အစိုးရ ဝန်ထမ်းများအတွက် ချက်ပြုတ်ရန် အချိန်မမီသည့် ရက်များတွင် အဆင်သင့် စားသုံးနိုင်ရန် လွယ်ကူ အဆင်ပြေအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

 

မဟာစံငါးနှပ်ခြောက် အရောင်းဆိုင်တွင် ၄၀ ဂရမ် ငါးနှပ်ခြောက် တစ်ထုပ်လျှင် ငွေကျပ် ၁၁၀ဝ၊ ၉၀ ဂရမ် ငါးနှပ် ခြောက်တစ်ဘူးလျှင် ငွေကျပ် ၁၇၀ဝ နှင့် ၁၆၀ ဂရမ် ငါးနှပ်ခြောက် တစ်ဘူးလျှင် ငွေကျပ် ၃၃၀ဝ ဖြင့် ရောင်းချပြီး လက်ကားယူလိုသူများ သီးခြားသတ်မှတ်နှုန်းထားရှိကြောင်း ဆိုင်ရှင်က ဆက်လက်ပြောကြားသည်။

 

ယခုအခါ ဖျာပုံမြို့မှ ထုတ်လုပ်ထွက်ရှိသည့် ငါးနှပ်ခြောက် အထုပ်နှင့် ဘူးများကို ရန်ကုန် အပါအဝင် တခြားမြို့ နယ်များမှလည်း မှာယူလျက် ရှိကြသည့်အတွက် ထုတ်လုပ်ပေးနိုင်မှုထက် မှာယူမှုက များပြားနေကြောင်း ငါးနှပ်ခြောက် ထုတ်လုပ်သူများက ပြောကြားခဲ့သည်။

 

ထို့အပြင် မြဝတီ၊ မူဆယ်၊ လားရှိုး နယ်စပ်လမ်းကြောင်း များမှတစ်ဆင့် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံများအထိ အဆင့်ဆင့် သယ်ယူရောင်းချနေကြောင်း ငါးနှပ်ခြောက် ထုတ်လုပ်သူများ၏ ပြောကြားချက်အရ သိရသည်။ 

 

ငါးနှပ်ခြောက် အသင့်စား အထုပ်နှင့်ဘူးများ ဝယ်လိုအား ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရန် ကုန်ကြမ်းဝယ်ယူ ရရှိမှုသည် အဓိကဖြစ်ကြောင်း၊ ထို့ပြင် ဖျာပုံရေလုပ်ငန်းတွင် ငါးရရှိမှု နည်းပါးနေခြင်းနှင့် အဆင့်မီ ငါးနှပ်ခြောက်များ လိုအပ်သလောက် မရရှိခြင်းတို့ကြောင့် ရန်ကုန် ဘုရင့်နောင် ငါးခြောက်ပွဲရုံတို့မှ မှာယူလုပ်ကိုင် နေရသည့် လုပ်ငန်းရှင်များ ရှိနေကြောင်း သိရှိရသည်။ 

 

အောင်ဝင်း (ဖျာပုံ)