အိမ်မဲမြို့တွင် Happy အဆင့်မြင့် မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲ၌ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း မျိုးလှိုင်ဝင်း သရုပ်ပြကစား၍ ဖွင့်လှစ်ပေး

အိမ်မဲ ၂၇ မတ်

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်ရှိ မြို့မလူငယ်လေ့ကျင့်ရေးကွင်းအနီး၌ Happy အဆင့်မြင့်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေ ၃ နာရီက ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း မျိုးလှိုင်ဝင်းမှ သရုပ်ပြကစား၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

11

 

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကားနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ပြီး မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားဟောင်း မျိုးလှိုင်ဝင်း ဦးဆောင်သည့် အသင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးပါဝင်သည့် အိမ်မဲလက်ရွေးစင်ဟောင်း အသင်းတို့က သရုပ်ပြကစားခဲ့ကြသည်။

 

အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း  ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မတ်လ ၂၇ ရက်မှ ဧပြီလ ၃၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)