အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းလုပ်ငန်းများ ထွန်းကားလာရေး နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်တွင် ရှေ့ပြေးဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၉

ပြည်သူများ၏ လူနေမှုစနစ်ပြောင်းလဲလာမှုနှင့် လွယ်လင့်တကူဝယ်ယူ အသုံးပြုခြင်းကို ကျင့်သားရလာမှုကြောင့်  မိရိုးဖလာအလေ့အထကောင်းတစ်ခုဖြစ်သည့် မိမိတို့အိမ်ခြံဝန်း မြေပိုနေရာ လွတ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးစားသုံးမှုသည် မှေးမှိန်လျက်ရှိရာ မြို့နယ်အလိုက် ကျေးရွာအုပ် စုများသတ်မှတ်၍ အိမ်ခြံဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများ ပြန်လည်ထွန်းကားလာရေးအတွက် နေပြည်တော် ကောင်စီနယ်မြေ (၈)မြို့နယ်တွင် ရှေ့ပြေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တစ်မြို့နယ်လျင် ကျေရွာအုပ်စု တစ်အုပ်စု ရွေးချယ်၍ ကျေရွာအုပ်စု တစ်အုပ်စုလျင် အိမ်ထောင်စု(၅၀)အတွက် မျိုးစေ့၊ ပျိုးပင်၊ ပျိုးဗန်း၊ သဘာဝ မြေဩဇာ၊ ရေဖျန်းပုံးနှင့် ဥယျာဉ်ခြံသုံး ပစ္စည်းများ၊ နည်းပညာ ပေးလက်ကမ်းစာစောင်နှင့် စာအုပ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် ဆေးဘက်ဝင် ပရဆေးသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး မိသားစုဝင်များ နေ့စဉ်လိုအပ်သည့် အာဟာရနှင့် အစားအစာများကို ဘေးကင်းလုံခြုံစွာစားသုံးနိုင်ရေး၊ ပိုလျှံသည်များ မျှဝေစားသောက်ခြင်း၊ ရောင်းချခြင်းဖြင့် လူမှုရေးနှင့် ဝင်ငွေတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက် နှင့်အပင်ဇီဝ နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဇော်က ပြောသည်။

ဇွန် ၆ ရက်က ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာနှင့်  ဇွန် ၈ ရက်တွင် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းနည်းပညာ ဆွေးနွေးပွဲ များကိုကျင်းပခဲ့ရာ ကျေးရွာနေမိသားစုများ၊ တောင်သူများ တက်ရောက်ကြပြီး စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများက အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းဆိုင်ရာ နည်းစနစ်များနှင့် အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခြင်း၊ အိမ်ခြံဥယျာဉ်စိုက်ပျိုးမည့် အိမ်ခြံများကို ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်