အီတလီဝါရင့်နောက်တန်းကစားသမား ချီယယ်လီနီ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝမှ အနားယူ တော့မည်

အီတလီနိုင်ငံအသင်းရဲ့ ဝါရင့်နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ချီယယ်လီနီဟာ ဇွန်လအတွင်းမှာ ဝင်ဘလေကွင်းအတွင်း ယှဉ်ပြိုင်ကစားမယ့် အီတလီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ပွဲစဉ်ကစားပြီး ပါက နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဓိကကစားသမားအဖြစ် ပါဝင်ခဲ့

အသက် ၃၇ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ချီယယ်လီနီဟာ အီတလီနိုင်ငံ လက်ရွေးစင် အသင်းအတွက် ၁၁၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အီတလီအသင်း ယူရို ၂၀၂၀ ချန်ပီယံဆုဖလားရရှိခဲ့ရာမှာလည်း အဓိကကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ အီတလီအသင်း ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ယခုနှစ်အတွင်း ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်နဲ့ လွဲခဲ့ရပြီဖြစ်ပါတယ်။

နောက်တန်းကစားသမား ချီယယ်လီနီဟာ ၂၀၀၄ ခုနှစ်ကတည်းက အီတလီနိုင်ငံ လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ဒီရော့စီ၊ မယ်လ်ဒီနီ၊ ကန်နာဗာရိုနဲ့ ဘတ်ဖွန် တို့ကတော့ အီတလီနိုင်ငံ လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ် အများဆုံးပါဝင်ကစားပေး ခဲ့ကြတဲ့ကစားသမားတွေဖြစ်ပြီး ချီယယ်လီနီဟာ အီတလီအသင်းအတွက် ပွဲစဉ်အများအပြား ကစားပေးခဲ့တဲ့ အီတလီလက်ရွေးစင်ကစားသမားစာရင်းမှာ အန်ဒရီယာပီယာလိုနဲ့အတူ အဆင့်(၅) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နောက်တန်းကစားသမား ချီယယ်လီနီဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းက ဆာဆူအိုလိုအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ပြီးနောက် ကလပ်အသင်းကစားသမားဘဝကနေ အနားယူမယ့် အချိန်ကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ အခုဘောလုံးရာသီကုန်မှာ ကလပ်အသင်းကစားသမားဘဝ အဆုံးသတ်ဖို့ ဆိုတာနဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ငွေကြယ်