ဇန်နဝါရီ ၂၄

အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့ကယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ၂၅ ဦးထက်မနည်းသေဆုံးပြီး အခြား ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသန္တရအာဏာပိုင်များက အတည်ပြုပြောကြားသည်။

အဆိုပါမတော်တဆမှုသည် အမ်ဟာရာဒေသ Dawunt ခရိုင်တွင် ဘတ်စ်ကားတစ်စီး အရှိန်လွန်မောင်းနှင်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုမတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအနက် ၁၄  ဦးမှာ ဒဏ်ရာရရှိမှုပြင်းထန်ပြီး အခြား ၁၅ ဦးမှာ အနည်းငယ်ထိခိုက်မှုရှိကြောင်း ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရရှိသူများသည် လတ်တလောတွင် အနီးအနားရှိကျန်းမာရေးဌာနများတွင် ကုသမှုခံယူလျက်ရှိသည်ဟု ဒေသန္တရတာဝန်ရှိသူများက ဆိုသည်။

ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းများဆိုးရွားခြင်း၊ ယာဉ်ဘေးကင်းရေးစည်းမျဉ်းများ လိုက်နာမှုလျော့ရဲခြင်းနှင့် ယာဉ်မောင်းလိုင်စင်များထုတ်ပေးရာတွင် လျော့ရဲသောစနစ်ဖြစ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို