အီရတ် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေး လုပ်ဆောင်မှုကြောင့် အိုင်အက်စ် စစ်သွေးကြွ ခြောက်ဦး သေဆုံး၊ လေးဦးဖမ်းဆီးရမိ

၁၆ ဇူလိုင်

 

 

အီရတ် အကြမ်းဖက် ဆန့်ကျင်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ယမန်နေ့က စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ပြီး ဘဂ္ဂဒက်မြို့တော် အနီးတွင် လေးဦး ဖမ်းဆီးရမိခဲ့သည်။

 

 

သီးခြားစစ်ဆင်ရေး တစ်ခုတွင် ဘဂ္ဂဒက်မြောက်ဘက် ၂၅ ကီလိုမီတာအကွာ အယ်လ်တာဂျေဒေသတွင် အိုင်အက်စ် စစ်သွေးကြွ သုံးဦး နှင့် ဘဂ္ဂဒက်မြို့အနောက်ဘက် ၂၀ ကီလိုမီတာ အကွာခန့် အဘူ ဂါရစ် ဒေသတွင် အခြားစစ်သွေးကြွတစ်ဦးတို့ ဖမ်းဆီးရမိခဲ့သည်။

 

 

အစွန်းရောက် အိုင်အက်စ် စစ်သွေးကြွများ၏ ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှုများကြောင့် ယခင်က အိုင်အက်စ်တို့ ထိန်းချုပ်ထားသော ဆွန်နီပြည်နယ်များရှိ ပြည်သူ့တပ်ဖွဲ့များနှင့် ပြည်သူများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့များ ဒါဇင်နှင့်ချီပြီး ဒဏ်ရာရ၊ သေဆုံးမှုများ ဖြစ်ပွားခဲ့သောကြောင့် ထိုစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

အီရတ် လုံခြုံရေး တပ်ဖွဲ့များက ၂၀၁၇ ခုနှစ်နှောင်းပိုင်း နိုင်ငံတစ်ဝှမ်းရှိ အိုင်အက်စ် စစ်သွေးကြွများအား အောင်မြင်စွာတိုက်ခိုက်ပြီးချိန်မှ စတင်ကာ အီရတ် လုံခြုံရေး အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်။

 

 

သို့ရာတွင် အိုင်အက်စ် စစ်သွေးကြွ အကြွင်းအကျန်များသည် မြို့ပြဒေသများနှင့် သဲကန္တာရများတွင် နေထိုင်ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများကို ပြောက်ကျား တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို