အီရန်ကနိုင်ငံ၏ အလယ်ပိုင်းတွင် ဒုံးကျည်နှင့် ဒရုန်းလေယာဉ်ဖြင့် စစ်ရေးလေ့ကျင့်

တီဟီရန် ၁၅ ဇန်နဝါရီ

အီရန်တော်လှန်ရေးအစောင့်တပ်သည် ကြီးမားသောစစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို နိုင်ငံ၏ အလယ်ပိုင်းကန္တာရဒေသတွင် ယနေ့စတင်ခဲ့ရာ ယင်းစစ်ရေးလေ့ကျင့်မှု အတောအတွင်း ၎င်း၏ နောက်ဆုံးပေါ် ဒုံးကျည်များနှင့် တိုက်ခိုက်ရေးမောင်းသူမဲ့ ဒရုန်းလေယာဉ်များကို စမ်းသပ်ခဲ့ကြောင်း တာ့စ်နင်မ်သတင်းအေဂျင်စီက ဖော်ပြထား သည်။

ကြီးမြတ်သောတမန်တော်-၁၅ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှု ပထမအဆင့်တွင် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့သလို ဗုံးများတင်ဆောင်ထားသော မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် စစ်ဆင်ရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရန်သူများ၏ စခန်းအဖြစ် သတ်မှတ်ထားသော နေရာများအပေါ် ဒုံးကျည်များနှင့် မောင်းသူမဲ့ဒရုန်း လေယာဉ်များဖြင့် ပူးတွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ သတ်မှတ်ထားသည့် ပစ်မှတ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိသည်။

အီရန်၏ မျိုးဆက်သစ်ဒုံးကျည်များတွင် ဖြုတ်နိုင်တပ်နိုင်ပြီး လမ်းညွှန်ပြနိုင်စွမ်းရှိသည့် ဒုံးကျည်ထိပ်ဖူးများကို တပ်ဆင်ထားပြီး ရန်သူများ၏ ဒုံးကျည်ရန်ကာကွယ်ရေး စနစ်များကို နှောက်ယှက်ဟန့်တားနိုင်စွမ်းရှိသလို ထိုးဖောက်နိုင်စွမ်းလည်းရှိကြောင်း သိရသည်။

အီရန်တော်လှန်ရေးအစောင့်တပ်သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အီရန်တော်လှန်အစောင့်တပ်၏ ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်ဟိုစိန်ဆာလာမီ၊ အီရန်တော်လှန်ရေးစောင့်တပ်မှ ဒုံးကျည်တပ်ဖွဲ့၏ တပ်မှူးဒုတိယ ဗိုလ်ချုပ်ကြီး အာမီအာလီဟာဂျီဇာဒက်၊ အခြားအဆင့်မြင့်တပ်မှူးများနှင့် တပ်မတော်အရာရှိများ၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ