အီကွေဒေါနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၀ ဦးရှိလာ၊ တစ်ဦးသေဆုံး

ဩဂုတ် ၉

 

အီကွေဒေါနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ သုံးဦးထပ်မံတွေ့ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူတစ်ဦးအပါအဝင် ရောဂါကူးစက်ခံရသူ ၁၀ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုထုတ်ပြန်ထားသည်။

 

ထိုသေဆုံးသူတစ်ဦးမှာ ယခင်ရှိရင်းစွဲရောဂါဝေဒနာများကြောင့် ယမန်နေ့က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

မျောက်ကျောက်ရောဂါထပ်မံကူးစက်ခံရသူသုံးဦးသည် ဆန်တာအီလီနာ၊ လော့ရီယိုနှင့် အေဇူရေပြည်နယ်များမှဖြစ်ပြီး အသက် ၂၀ မှ ၄၉ နှစ်အတွင်းရှိအသက်အရွယ်များဖြစ်ကြသည်။

 

၎င်းတို့အားလုံးသည် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအောက်တွင်ရှိနေပြီး နေအိမ်မှာပင်နေထိုင်ကာ အခြေအနေ ကောင်းမွန်ကြသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ဖျားနာခြင်း၊ မအီမသာဖြစ်ခြင်း၊ အရေပြားအနာများအပါအဝင် မျောက်ကျောက်ရောဂါလက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာဆေးခန်းများ သို့မဟုတ် ဆေးရုံသို့သွားရောက်ပြသရန်နှင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းကဲ့သို့သော ရောဂါကူးစက်မှုကာကွယ်ရေးဆိုင်ရာကျန်းမာရေးအစီအမံများကို ဆက်လက်လုပ်ဆောင်သွားကြရန် ထိုဝန်ကြီးဌာနက ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

 

အီကွေဒေါနိုင်ငံတွင် ပထမဆုံးမျောက်ကျောက်ရောဂါကူးစက်ခံရသူကို ဇူလိုင် ၆ ရက်တွင် တွေ့ရှိခဲ့ပြီး ၎င်းသည် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို