AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ရှုံးနိမ့်

ရန်ကုန် ၃ ဧပြီ

 

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (G) တတိယနေ့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းတို့ ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်းမှာ ဘင်ဒေါင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ယခုပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေမှုကို အဆုံးသတ်နိုင်ရန်အတွက် ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ မေကွန်၊ ရန်နိုင်ဦး၊ ဂူစတာဗို စသည့် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းခဲ့ပြီး ပထမပိုင်းတွင် အခွင့်အရေးများ အသုံးမချနိုင်ခဲ့သောကြောင့် ဂိုးမရှိသရေကျနေသည်။

 

ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်တွင် ဘင်ဒေါင်းအသင်း ဂိုးစရခဲ့ပြီး တူဗန်ဗူက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် ရှမ်းယူနိုက်တက်အသင်းသည် ချေပဂိုးရရန် အားထည့်ကစားလာပြီး ၆၉ မိနစ်တွင် ဂူစတာဗိုက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ဂိုးရရန် အားထည့်ကစားခဲ့ပြီး ၈၈ မိနစ်တွင် ဘင်ဒေါင်းအသင်း အနိုင်ဂိုးရသွားပြီး ဝမ်ဒါက သွင်းယူခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပထမအကျော့ပွဲအားလုံး ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်တက်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့တွင် အိမ်ကွင်းနှစ်ပွဲ ကစားရသော်လည်း အမှတ်ရယူခြင်း မရှိခဲ့ပေ။ ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းမှာမူ သုံးပွဲကစား လေးမှတ်ရရှိထားပြီး ယခုပွဲစဉ်မှာ ပထမဆုံးအဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ရဲရင့်ရှိုင်း