AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၅) ပွဲစဉ်များကို မေ ၁ ရက်တွင် ယှဉ်ပြိုင်ကစားမည်

ရန်ကုန် ၃၀ ဧပြီ

မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်(၅)ကို မေ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းက အဝေးကွင်း၊ ရှမ်းယူနိုက်တက် အသင်းက အိမ်ကွင်းယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အုပ်စုပွဲစဉ် (၅) အဖြစ် သုဝဏ္ဏကွင်း၌ ညနေ ၃ နာရီခွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ရန်ကုန်အသင်းပါဝင်သော အုပ်စု (F) တွင် လေးပွဲစီကစားအပြီး၌ တမ်ပနိစ်ရိုဗာ (စင်ကာပူ) အသင်းက ၁၀ မှတ်၊ ဟနွိုင်း (ဗီယက်နမ်) က ခုနစ်မှတ်၊ နာဂါဝေါ (ကမ္ဘောဒီးယား)နှင့် ရန်ကုန်(မြန်မာ)တို့က သုံးမှတ်စီရထားသည်။ ရန်ကုန်အသင်းသည် အုပ်စုပထမနေရာရရန် မျှော်လင့်ချက်မရှိတော့ဘဲ အကောင်းဆုံး အုပ်စုဒုတိယနေရာအတွက်မှာလည်း အခွင့်အရေးအနည်းငယ်သာ ကျန်ရှိတော့ကာ ယခုပွဲအနိုင်ရမှသာ ဆက်လက်မျှော်လင့်နိုင်မည် ဖြစ်သည်။ 

သို့သော် ရန်ကုန်အသင်းသည် ယခုပွဲအနိုင်ရရန် လိုအပ်သလို အုပ်စုတွင်း ဒုတိယနေရာရနေသည့် ဟနွိုင်းအသင်းအပါအဝင် အခြားအာဆီယံဇုန်အုပ်စုနှစ်ခုမှ ဒုတိယနေရာရရန် မျှော်လင့်ချက်ရှိပြီး ခုနစ်မှတ်နှင့်အထက်ရထားသည့် အသင်းများ နိုင်ပွဲပျောက်ဆုံးမှသာ အခွင့်အရေး ဆက်ရှိမည်ဖြစ်သည်။ ယင်းအသင်းများ အနိုင်ရခဲ့ပါက ရန်ကုန်အသင်းသည် တမ်ပနိစ်ရိုဗာ အသင်းကို အနိုင်ရလျှင်ပင် အုပ်စုအဆင့်မှ ထွက်ရမည်ဖြစ်သည်။ 

ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အာဆီယံဇုန် အုပ်စုသုံးခုမှ ထိပ်ဆုံးသုံးသင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယနေရာရ တစ်သင်းသာ အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

အုပ်စု (G) တွင် ပါဝင်နေသည့် ရှမ်းယူနိုက်တက်အသင်းမှာလည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်ပြီး လက်ကျန်နှစ်ပွဲမှာ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု (G) တွင် ဆီရက်စ် (ဖိလစ်ပိုင်) က ၁၂ မှတ်၊ ဘင်ဒေါင်း (ဗီယက်နမ်) က ခုနစ်မှတ်၊ ပါဆီဂျာဂျကာတာ (အင်ဒိုနီးရှား)က လေးမှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ လေးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ပထမအကျော့တွင် ရန်ကုန်အသင်းသည် အိမ်ကွင်း၌ တမ်ပနိစ်ရိုဗာအသင်းကို သုံးဂိုး-တစ်ဂိုး၊ ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ဆီရက်စ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာကလပ်အသင်းများသည် ယခုရာသီတွင် ရုန်းကန်နေရပြီး လေးပွဲစီကစားအပြီးတွင် ရန်ကုန်အသင်းက နိုင်ပွဲတစ်ပွဲသာရပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ ပွဲတိုင်းရှုံးနိမ့်ထားသည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်