AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲကစားမည့်ရက် သတ်မှတ်

၂၂  ဇွန်

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲ ကစားမည့်ရက်များ သတ်မှတ်လိုက်ပြီဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စုလက်ကျန်ပွဲများနှင့် ပတ်သက်၍ ပြိုင်ပွဲဝင်နိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ဇွန် ၂၂ ရက်က ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ခဲ့ပြီး အာဆီယံ ဇုန်အုပ်စုလက်ကျန်ပွဲများနှင့် ပတ်သက်၍ သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ Video Conferencing ဖြင့် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့ တက်ရောက် ဆွေးနွေးခဲ့သည်။ အာဆီယံဇုန် အုပ်စုသုံးခု၏ လက်ကျန်ပွဲများကို စက်တင်ဘာ ၂၃၊ ၂၆၊ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခင်ရေးဆွဲထားသည့် အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် မကျင်းပတော့ဘဲ အုပ်စုတစ်ခုကို အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကာ ကျင်းပရန် စီစဉ်ထားသည်။ ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး အာဆီယံဇုန် အုပ်စုသုံးခုသာ ပထမအကျော့သုံးပွဲ ကျင်းပရသေးပြီး ဒုတိယအကျော့သုံးပွဲ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပထမအကျော့အပြီး အနေအထားအရ ရန်ကုန်အသင်းက သုံးပွဲကစား ခုနစ်မှတ်ရထားပြီး ရှမ်းယူနိုက်တက် အသင်းမှာမူ သုံးပွဲစလုံး အရေးနိမ့်ထားသောကြောင့် အမှတ်မရသေးပေ။ ရန်ကုန်အသင်းသည် အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရှမ်းယူနိုက်တက် အသင်းသည် အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့် ပါဝင်နေသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲ ကျင်းပသည့်ပုံစံကို အနည်းငယ် ပြောင်းလဲခဲ့သလို ပြိုင်ပွဲဝင်အသင်းများ ခရီးသွားလာမှု နည်းပါးစေရန် အုပ်စုတစ်ခုကို အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်