အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဒူးဒဏ်ရာကြောင့် ရှစ်လကြာအနားယူရမည်

အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူပြီးနောက် ရှစ်လကြာအနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ်ရှိ ဆွီဒင်ကြယ်ပွင့် အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အေစီမီလန် အသင်းကို ၂၀၁၁ ခုနှစ်နောက်ပိုင်း စီးရီးအေဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်အောင် အကူအညီပေးခဲ့တဲ့ကစားသမားတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ နွေရာသီဈေးကွက်အတွင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အေစီမီလန်အသင်းမှာ နောက်ထပ်တစ်ရာသီထပ်ကစားဖို့ ဆန္ဒရှိနေတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူရမှာဖြစ်တာမို့ အေစီမီလန်အသင်းမှာ အနာဂတ်ဆက်ရှိဖို့ကတော့ မသေချာသေးတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အခုရာသီမှာ အေစီမီလန်အသင်းနဲ့အတူ စီးရီးအေ ၁၁ ပွဲကစားပေးခဲ့ရာ သွင်းဂိုး ကိုးဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ငွေကြယ်