မန္တလေး ၂၈ အောက်တိုဘာ
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀) နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် နေအိမ်များအရောက် လာရောက်ဆောင်ရွက် ပေးမည့်အကြောင်း အသိပေး ကြေညာခြင်းများကို အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များက မော်တော်ယာဉ်များနှင့် လှည့်လည်၍ အသံချဲ့စက်များဖြင့် အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က Stay at Home ချမှတ်ထားသော မြို့နယ်များနှင့် လူဦးရေထူထပ်သည့် တစ်စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅၀၀၀ အထက်ရှိကြသော မြို့နယ်များ၌ နေထိုင်ကြသည့် အသက်(၆၀)နှစ်အထက်ရှိ မဲဆန္ဒရှင်များကို နေအိမ်အရောက် ကြိုတင်မဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးကြရန် အသိပေးကြေညာချက် တစ်ရပ်ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ အောင်မြေသာစံမြို့နယ်သည် လူဦးရေထူထပ်သည့် မြို့နယ်တစ်ခုအဖြစ် ပါဝင်နေသည့်အတွက် အသက်(၆၀)နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များကို ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက် နေ့အတွင်း နေအိမ်များအရောက် လာရောက်ဆောင်ရွက် ပေးသွားမည့်အကြောင်းကို သိရှိကြစေရန်အတွက် လှည့်လည်အသိပေး ကြေညာကြခြင်းဖြစ်သည်။
အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်ရှိသူ ကျား(၁၀၃၀၅)ဦး၊ မ(၁၅၄၉၇)ဦးရှိပြီး စုစုပေါင်း(၂၅၈၀၂)ဦး ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


